The network connection is lost.

Banner Image

ဘာစီလိုနာအသင်းအဝတ်လဲခန်းက ပါတီပွဲတစ်ခုလိုပဲလို့ ဖွင့်ဟလိုက်တဲ့ ဒါနီအိုလ်မို

၂၀၁၅ ခုနှစ်နောက်ပိုင်း၊ ပထမဆုံးအကြိမ်အဖြစ် ဘာစီလိုနာအသင်းကို ချန်ပီယံလိဂ်ဗိုလ်လုပွဲဆီ ရောက်ရှိစေဖို့ အခွင့်အရေးရှိနေတဲ့ ဒီည၊ အင်တာမီလန်နဲ့ရင်ဆိုင်ရမယ့် အရေးကြီးပွဲစဉ်မတိုင်ခင် ဘာစီလိုနာလူငယ်ကစားသမားတွေဟာ လန်းလန်းဆန်းဆန်း၊ ပျော်ပျော်ရွှင်ရွှင် ရှိနေကြတယ်လို့ ဒါနီအိုလ်မိုက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

စိတ်လှုပ်ရှားဖွယ်သုံးဂိုးစီသရေကျခဲ့တဲ့ ပထမအကျော့ပွဲစဉ်အပြီး ဆန်စီရိုဆီ ဦးတည်ထွက်ခွာလာတဲ့ ဟန်စီဖလစ်ခ်ရဲ့အသင်းမှာ စိုးရိမ်နေတဲ့အရိပ်အယောင်မျိုး လုံးဝမတွေ့ရပါဘူး။ သို့ပေမယ့် ဒါနီအိုလ်မိုကတော့ အခုသီတင်းပတ်ကုန်၊ ရီးရဲလ်မက်ဒရစ်နဲ့ရင်ဆိုင်ရမယ့် လာလီဂါပွဲကြီးပွဲကောင်းအပါအဝင် လတ်တလောနေ့ရက်တွေဟာ ဘာစီလိုနာအတွက် အလွန်အရေးကြီးနေပြီဆိုတာကို အသင်းကစားသမားတွေ ကောင်းကောင်းသိရှိထားပါတယ်လို့ ရှင်းပြပါတယ်။

ဒါနီအိုလ်မိုက လွန်ခဲ့တဲ့သီတင်းပတ်ကုန်ပွဲစဉ်ကို မိနစ် ၆၀ ကျော် ပါဝင်ကစားပြီးနောက် ဒီည၊ အင်တာမီလန်နဲ့ပွဲစဉ်အတွက် ပွဲထွက်လူစာရင်းမှာ ပါဝင်လာနိုင်ပါတယ်။ ပွဲကြိုသတင်းစာရှင်းလင်းပွဲအတွင်း ဒါနီအိုလ်မိုက “ ကျွန်တော်တို့အသင်း ပုံစံကောင်းပြန်ရနေပါပြီ။ အသင်းက အကောင်းဆုံးပြင်ဆင်ထားပြီး စိတ်အားထက်သန်မှုအပြည့်၊ တက်တက်ကြွကြွရှိနေတာကို မြင်တွေ့နေရပါတယ်။ 

ဒါက အရေးကြီးတဲ့ရက်သတ္တပတ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ကျွန်တော်တို့အတွက် နောက်ထပ်ဖိုင်နယ်တစ်ခုဆီရောက်ရှိဖို့ တစ်ပွဲပဲ လိုအပ်ပါတော့တယ်။ နောက်ပိုင်းကျရင်တော့ ရီးရဲလ်မက်ဒရစ်နဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်အကြောင်း စဉ်းစားသွားရပါလိမ့်မယ်။

ခင်ဗျားတို့အတွက် ခေါင်းကြီးပိုင်းသတင်းတစ်ပုဒ် မပေးချင်ပါဘူး။ ဒါပေမယ့် အသင်းအဝတ်လဲခန်းထဲမှာတော့ ပါတီပွဲတစ်ခုလို ဖြစ်နေကြပါပြီ။ လူငယ်ကစားသမားတွေဆီ သူတို့ရသင့်ရထိုက်တဲ့ ဝန်ထုပ်ဝန်ပိုးထက် မပိုသွားအောင် စီမံပေးထားပါတယ်။ သူတို့တွေ လန်းလန်းဆန်းဆန်း၊ ပျော်ပျော်ရွှင်ရွှင် ရှိနေကြပါတယ်။ ဒါက လူတော်လူကောင်းတွေစုဖွဲ့ထားတဲ့ အသင်းအဖွဲ့တစ်ခုဖြစ်ပါတယ်။ ဘုံရည်မှန်းချက်ကတော့ အနိုင်ရလဒ်ရရှိဖို့ပါပဲ”လို့ ပြောပါတယ်။

ဒီညပွဲစဉ်မှာ အင်တာမီလန်ကပ္ပတိန်လော်တာရိုမာတီနက်ဇ် ပွဲထွက်ပါဝင်ကစားဖွယ်ရှိပေမယ့် ပါဗက်ကတော့ ခြေကျင်းဝတ်ဒဏ်ရာ မသက်သာလာသေးလို့ အသင်းလူစာရင်းမှ နုတ်ထွက်သွားခဲ့ပါတယ်။ အလားတူ တဖက်မှာလည်း ဟန်စီဖလစ်ခ်က အသင်းအရန်လူစာရင်းမှာ တိုက်စစ်မှူးလီဝန်ဒေါစကီး ပါဝင်လာလိမ့်မယ်လို့ အတည်ပြုခဲ့ပါတယ်။