
ဆောက်သမ်တန်စတားကို အလွတ်နဲ့ခေါ်ယူနိုင်ခဲ့တဲ့ ဝက်စ်ဟမ်း
ဝက်စ်ဟမ်းအသင်းဟာ ဆောက်သမ်တန်စတား ကိုင်လီဝေါ်လ်ကာပီတာကို အလွတ်နဲ့ခေါ်ယူနိုင်ခဲ့ကြောင်း ကြေညာလိုက်ပါတယ်။ အဆိုပါစွယ်စုံရကစားသမားဟာ ဆောက်သမ်တန်ကနေထွက်ခွာပြီးနောက် ၃ နှစ်စာချုပ်နဲ့ ဝက်စ်ဟမ်းအသင်းထံပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ အသက် ၂၈ နှစ်သားဟာ ကစားသမားဘဝပရီးမီးယားလိဂ်ပွဲ ၁၅၀ နီးပါးအထိ ပါဝင်ကစားထားကာ ပေါ်တာအတွက် အသုံးဝင်လာနိုင်ပါတယ်။
ဝေါ်လ်ကာပီတာတစ်ယောက် ကျောနံပတ် ၂ ဝတ်ဆင်မှာဖြစ်ပြီး အသင်းဖော်တွေနဲ့ချိတ်ဆက်ကာ ရာသီကြိုခရီးစဉ်အတွက် ပူးပေါင်းတော့မှာဖြစ်ပါတယ်။ “ကျွန်တော် တကယ်စိတ်လှုပ်ရှားနေပါတယ်။ အချိန်အတော်ကြာလာရတာလို့ ခံစားရပါတယ်။ အတိတ်ကာလတုန်းကလည်း ကျွန်တော့်ကို ဝက်စ်ဟမ်းက ချိတ်ဆက်ခဲ့ပါတယ်။ အခုတော့ ကျွန်တော်ဒီမှာရှိရလို့ ပျော်နေပါပြီ။ ဂရေဟမ်ပေါ်တာနဲ့လည်း ကျွန်တော်စကားပြောဖြစ်သလို အခုလိုဆုံးဖြတ်ချက်ချရာမှာ သူကအရေးပါခဲ့ပါတယ်။ သူ့လိုနည်းပြမျိုးကို ကျွန်တော် အမြဲတမ်းသဘောကျခဲ့တာပါ။ ဒီမှာကျွန်တော် အံဝင်မယ်လို့ ထင်ပါတယ်။
အသင်းဆီရောက်လာတော့ မိသားစုလိုခံစားခဲ့ရပါတယ်။ ဒီမှာ ကျွန်တော်ကောင်းကောင်းအထိုင်ကျမယ်လို့ ထင်ပါတယ်။ ပွဲတိုင်းမှာ ကျွန်တော်အကောင်းဆုံးပေးဆပ်ကစားမှာပါ။ ကျွန်တော် ဒီမှာထူးရှယ်အောင်မြင်မှုတွေရယူချင်ပါတယ်။ အသင်းတိုင်းက ဆုဖလားအောင်မြင်ချင်ပါတယ်။ ဝက်စ်ဟမ်းမှာလည်း အဲ့ရည်မှန်းချက်ရှိပါတယ်။ ဂရေဟမ်ကလည်း သူက ထူးခြားတာတစ်ခုခုဖန်တီးချင်နေပါတယ်။ ကျွန်တော့် အဲ့စီမံကိန်းမှာ အစိတ်အပိုင်းတစ်ခုအနေနဲ့ ပါဝင်နိုင်ဖို့ မျှော်လင့်ပါတယ်”လို့ ပီတာက ဖြေကြားခဲ့ပါတယ်။
ဝက်စ်ဟမ်းနည်းပြ ပေါ်တာကလည်း ဝေါ်လ်ကာလိုကစားသမားမျိုးကိုခေါ်ယူနိုင်ခဲ့လို့ ဝမ်းသာမိကြောင်း ပြောကြားခဲ့ပါတယ်။ “ကိုင်လီတစ်ယောက် ကျွန်တော်တို့ဆီပြောင်းလာလို့ တကယ်ကျေနပ်မိပါတယ်။ သူက ကျွန်တော်သဘောကျရတဲ့ကစားသမားတွေထဲကတစ်ယောက်ပါ။ သူ့မှာကောင်းမွန်တဲ့စွမ်းဆောင်ရည်အပြင် ပရီးမီးယားလိဂ်မှာအသားကျပြီးဖြစ်တာကြောင့် ထိပ်တန်းကစားသမားတစ်ဦးအဖြစ်လည်း သတ်မှတ်ခံထားရပြီးသားပါ။
လာမယ့်နှစ်တွေမှာလည်း သူ့ရဲ့အကောင်းဆုံးပုံစံကို မြင်ရမှာပါ။ အသင်းထံကိုလည်း မြင့်မားတဲ့စွမ်းဆောင်ရည်တွေယူဆောင်လာပေးနိုင်မယ့်သူပါ။ ကျွန်တော် သူနဲ့အတူ အလုပ်အတူတူတွဲလုပ်ချင်နေပါပြီ။ အသင်းအတွက် တကယ်ကောင်းမွန်တဲ့ခေါ်ယူမှုဖြစ်လာမယ်လို့ ကျွန်တော်ထင်ပါတယ်”လို့ ပေါ်တာက ဖြေကြားခဲ့ပါတယ်။
ကိုင်လီတစ်ယောက် တော့တင်ဟမ်မှာကစားသမားဘဝစတင်ခဲ့ပြီး အဲ့နောက် ၂၀၂၀ မှာ ဆောက်သမ်တန်ကိုပြောင်းရွှေ့ခဲ့ကာ ၅ ရာသီကြာကစားခဲ့ပါတယ်။ အခုနောက်ဆုံးမှာတော့ ဆောက်သမ်တန်ကနေ အလွတ်နဲ့ ဝက်စ်ဟမ်းအသင်းထံပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။