The network connection is lost.

Banner Image

နာကျင်စရာဥရောပချန်ပီယံလိဂ်ညချမ်းတစ်ခုအကြောင်း ဖွင့်ဟပြောပြလာတဲ့ အိုဒီဂတ်

ပီအက်စ်ဂျီလက်ချက်နဲ့ ကျရှုံးခဲ့ရတဲ့ ချန်ပီယံလိဂ်အိပ်မက်တစ်ခုအပြီး မာတင်အိုဒီဂတ်က စိတ်ပျက်အားလျော့နေတဲ့ရုပ်အသွင်အပြင်ကို ဖြတ်တောက်ပစ်ခဲ့ပါတယ်။ ပါရီမြေပွဲစဉ်ရဲ့အဖွင့် ၁၀ မိနစ်အတွင်းမှာပဲ အသင်းခေါင်းဆောင်အတွက် အဖွင့်ဂိုးရရှိဖို့ နီးစပ်ခဲ့ပေမယ့် ပွဲချိန်တလျှောက်လုံးလက်စွမ်းပြသွားတဲ့ ဒွန်နာရမ်မာရဲ့ကာကွယ်မှုကြောင့် အဖွင့်ဂိုးရှင် မဖြစ်လာတော့ပါဘူး။

ဒါကြောင့် ရလဒ်ကောင်းအချို့နဲ့အတူ မျှော်လင့်ချက်တွေပြည့်နှက်ခဲ့တဲ့ အာဆင်နယ်ရဲ့ချန်ပီယံလိဂ်ခရီးစဉ်က ပါရီမြေမှာပဲ အဆုံးသတ်သွားပါတယ်။ အိုဒီဂတ်က “ အရိုးသားဆုံးပြောရရင် အရမ်းနာကျင်မိပါတယ်။ ကျွန်တော်တို့တွေ ပွဲစဉ်ကို အကောင်းဆုံးစတင်နိုင်ခဲ့ပြီး ပြိုင်ဘက်ကိုထိန်းချုပ်ကာ အခိုက်အတန့်ကောင်းတွေ ဖန်တီးနိုင်ခဲ့တယ်လို့ ထင်ပါတယ်။

ဒါပေမယ့် နောက်တစ်ကြိမ်ဆိုသလိုပဲ ပွဲစဉ်တွေကို အဆုံးအဖြတ်ပေးနိုင်တဲ့ ပြိုင်ဘက်ဂိုးဧရိယာထဲမှာတော့ ကျွန်တော်တို့တွေ လုံလောက်တဲ့ကောင်းမွန်မှုမျိုး မပြသနိုင်ခဲ့ပါဘူး။ မယုံကြည်နိုင်လောက်စရာကာကွယ်မှုတွေ ပြုလုပ်သွားတဲ့ သူတို့အသင်းဂိုးသမားကိုလည်း ချီးကျူးသွားရပါမယ်။

ကောင်းတဲ့အရာတွေအများကြီးကို ကျွန်တော်တို့လုပ်ခဲ့ပေမယ့် အဆုံးသတ်မှာတော့ ကျွန်တော်တို့အသင်းက ဂိုးဧရိယာထဲမှာ ပိုကောင်းအောင်လုပ်နိုင်ဖို့ လိုအပ်ခဲ့ပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့တွေ ပိုပြီးထက်ထက်မြက်မြက်ရှိဖို့နဲ့ လက်တွေ့ကျကျရှိဖို့ လိုအပ်ပါတယ်။ နောက်ပြီး အခုလိုမျိုး ဂိုးတွေကို အလွယ်တကူ ခွင့်မပြုပေးသင့်ဘူး”လို့ ဆိုပါတယ်။

ဆက်လက်ပြီး ဂန်းနားကပ္ပတိန်က အခုဘောလုံးရာသီ၊ သူတို့ရဲ့ချန်ပီယံလိဂ်ခရီးလမ်းအပေါ် ဂုဏ်ယူမှုအပြည့် ရှိနေခဲ့ပြီး စည်းလုံးမှုရဲ့အရေးပါပုံအကြောင်း အလေးပေးပြောကြားခဲ့ပါတယ်။ အိုဒီဂတ်က “ အခုရှုံးနိမ့်မှုမှတဆင့် သင်ယူသွားဖို့နဲ့ ပိုပြီးသန်မာလာစေဖို့အတွက် စုစုစည်းစည်းညီညီညွှတ်ညွှတ် ရှိနေရပါမယ်။ အခုအခိုက်အတန့်ကတော့ နာကျင်စရာတွေချည်းပါပဲ။ ကျွန်တော်တို့က ခရီးဆုံးအထိ ရောက်အောင်သွားပြီး ဒီကလပ်အသင်းနဲ့ ပရိသတ်တွေအတွက်၊ အားလုံးအတွက် ဆုဖလားတွေ ယူဆောင်ပေးချင်ခဲ့ပါတယ်။

ဒီအသင်းမှာရှိနေတဲ့ကာလအတွင်း ကျွန်တော်တို့အတွက် ခက်ခဲတဲ့အခိုက်အတန့်တွေ ရှိခဲ့ဖူးပြီး အကြိမ်တိုင်းမှာ ပိုပြီးသန်မာတဲ့ပုံစံမျိုးနဲ့ ပြန်လာနိုင်ခဲ့ပါတယ်။ ဒါကပဲ ကိုယ်လုပ်နိုင်မယ့် တစ်ခုတည်းသောအရာ ဖြစ်ပါတယ်။

အခုတော့ အတော်လေးစိတ်ပျက်စရာကောင်းနေပါလိမ့်မယ်။ လူတိုင်းလည်း စိတ်ပျက်နေလိမ့်မယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမယ့် ကိုယ်လုပ်နိုင်မယ့်တစ်ခုတည်းသောအရာက ဆက်လက်သင်ယူရင်း ဆက်တိုးတက်နေအောင် လုပ်သွားဖို့ပဲ ဖြစ်ပါတယ်။ တစ်ဦးနဲ့တစ်ဦး ရိုင်ပင်းကူညီရင်း စုစုစည်းစည်းနဲ့ နောက်တစ်ကြိမ်ပြန်ရုန်းထနိုင်အောင် လုပ်သွားရပါမယ်”လို့ ဆက်ပြောပါတယ်။