The network connection is lost.

Banner Image

ယာမယ်လ် ထိပ်တန်းခြေစွမ်းကို ထိန်းသိမ်းနိုင်ဖို့ ဘာစီလိုနာက ဂရုတစိုက်ကိုင်တွယ်သွားရမယ်လို့ ဟန်ဆီဖလစ်ပြော

ဘာစီလိုနာနည်းပြ ဟန်ဆီဖလစ်က အသင်းရဲ့ပါရမီရှင်ကစားသမားလေး လာမိုင်းယာမယ်လ်ဟာ အလွန်ထက်မြက်တဲ့ကစားသမားတစ်ဦးဖြစ်တယ်လို့ ချီးကျူးလာခဲ့ပြီး ကစားသမား ခြေစွမ်းမကျသွားစေဖို့ အသင်းက ဂရုတစိုက်ကိုင်တွယ်သွားရမှာဖြစ်ကြောင်း ပြောကြားလာခဲ့ပါတယ်။ ဖလစ်က ဘာစီလိုနာအနေနဲ့ ယာမယ်လ်ကို အသင်းမှာ ကာလရှည်ဆက်လက်ထိန်းသိမ်းထားမယ်လို့ မျှော်လင့်နေတာဖြစ်ပြီး စပိန်လက်ရွေးစင်ဟာ အသင်းအတွက် အလွန်အကျိုးရှိစေမယ့်ကစားသမားဖြစ်တယ်လို့ ဆိုပါတယ်။ ယာမယ်လ်ကလည်း ဖလစ်ရဲ့ဦးဆောင်မှုနဲ့အတူ ၁ နှစ်အတွင်းမှာ ဆုဖလား ၃ လုံးဆွတ်ခူးနိုင်ခဲ့သလို၊ ၂၀၂၄ ယူရိုချန်ပီယံရှစ်ဖလားကိုလည်း ရရှိထားခဲ့တာဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ဘောလုံးရာသီမှာ ယာမယ်လ်ဟာ လာလီဂါပြိုင်ပွဲအတွင်း ၉ ဂိုးအထိသွင်းနိုင်ခဲ့သလို၊ ဂိုးဖန်တီးမှု ၁၃ ကြိမ်အထိ ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် စပိန်လက်ရွေးစင်ဟာ ချန်ပီယံလိဂ်မှာလည်း ၅ ဂိုးအထိ သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။ ဖလစ်ရဲ့ဦးဆောင်မှုနဲ့အတူ ဘာစီလိုနာရဲ့ လူငယ်ကစားသမားတွေဟာ အတော်လေးတိုးတက်လာခဲ့ပြီး ထိုအထဲကမှ ယာမယ်လ်က အထူးချွန်အဖြစ်သတ်မှတ်ခံထားရပါတယ်။ 

ယခုအခါမှာ ဖလစ်က “ယာမယ်လ်က ဉာဏ်ကြီးရှင်တစ်ယောက်ပါ။ သူ့ရဲ့ထက်မြက်မှုကို ဖော်ပြဖို့ အခြားစကားလုံးမရှိတော့ပါဘူး။ အသက် ၁၇ နှစ်အရွယ်နဲ့ သူလုပ်ပြထားနိုင်တာတွေက မယုံနိုင်စရာပါပဲ။ ဘာစီလိုနာအနေနဲ့ သူ့ကို အကူအညီပေးနိုင်ဖို့လိုပါတယ်။ သူကလည်း ဒီအကူအညီကို လိုချင်မယ်လို့ ကျွန်တော်ထင်ပါတယ်။ အသက် အရမ်းငယ်နေသေးလို့ ဘာမဆိုဖြစ်သွားနိုင်ပါတယ်”

“သူ့ကို နောက်ထပ် ၁၅ နှစ်လောက်အထိ ထိပ်တန်းခြေစွမ်းမျိုးနဲ့ ကစားစေချင်ရင် ခြေစွမ်းပိုင်းသာမက စိတ်ဓာတ်ပိုင်းမှာပါ လေ့ကျင့်ပျိုးထောင်ပေးနိုင်ဖို့လိုပါတယ်။ ယာမယ်လ်က ထက်မြက်ပြီး ဉာဏ်ကောင်းတဲ့ကလေးပါ။ ဒါပေမယ့် အလုပ်ကြိုးစားနေဖို့လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့လို ပါရမီရှင်ကစားသမားလေးတွေက အလုပ်ကြိုးစားကြလို့ပါ” လို့ပြောကြားခဲ့ပါတယ်။ ဘာစီလိုနာဟာ နောက်လမှာကျင်းပသွားမယ့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်မရတာကြောင့် ယာမယ်လ်အနေနဲ့ စပိန်လက်ရွေးစင်အသင်းနဲ့အတူ နေရှင်းလိဂ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်အဆင့်မှာ ပြင်သစ်နဲ့ ရင်ဆိုင်သွားရပါမယ်။