The network connection is lost.

Banner Image

၁၂ နှစ်ကြာပြီးနောက်မှာ ငယ်ဘဝကလပ် ဆန်းတို့စ်အတွက် ပထမဆုံးအကြိမ် ပါဝင်ကစားပေးခဲ့တဲ့ နေမာ

ဥရောပထိပ်သီးကလပ် ၂ ခုဖြစ်တဲ့ ဘာစီလိုနာနဲ့ ပီအက်စ်ဂျီတို့မှာ ၁၂ နှစ်လောက်အထိနေထိုင်ခဲ့တဲ့ ဘရာဇီးစူပါစတား နေမာဂျူနီယာဟာ ဆော်ဒီအာရေဗျမှာ အချိန်အနည်းငယ်ဖြုန်းပြီးနောက် ယခုအခါမှာတော့ ငယ်ဘဝဘရာဇီးကလပ် ဆန်းတို့စ်အတွက် ပထမဆုံးအကြိမ်ပါဝင်ကစားပေးခဲ့ပါတယ်။ 

ယနေ့နံနက်က ဘိုတာဖိုဂိုကို ၁-၁ နဲ့သရေကျခဲ့တဲ့ပွဲစဉ်မှာ နေမာဟာ ဆန်းတို့စ်အတွက် ဒုတိယပိုင်းမှာ ဝင်ရောက်ကစားပေးခဲ့ပြီး ပရိသတ်တွေကလည်း အိမ်ပြန်လာတဲ့ စူပါစတားကို တခဲနက်ကြိုဆိုအားပေးခဲ့ကြပါတယ်။ ယခုပွဲစဉ်မှာ ဆန်းတို့စ်ဟာ ပထမပိုင်းအတွင်း ဘိုတာဖိုဂိုကို ၁-၀ နဲ့ဦးဆောင်ထားနိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ ချေပဂိုးပြန်လည်ခွင့်ပြုခဲ့ရပြီး သရေရလဒ်သာယူနိုက်ခဲ့တာကြောင့် နေမာရဲ့ တကျော့ပြန်ပွဲဦးထွက်ဟာ အနိုင်ရလဒ်နဲ့တော့ မစတင်နိုင်ခဲ့ပါဘူး။ 

ပွဲအပြီးမှာ နေမာက “ကျွန်တော် ဆန်းတို့စ်ကိုချစ်ပါတယ်။ ဒီနေ့ပွဲစဉ်မှာ အသင်းအတွက် ပထမဆုံးအကြိမ်ပြန်ကစားရတဲ့အပေါ် ဘယ်လိုစကားလုံးနဲ့ဖော်ပြရမလဲ ကျွန်တော်မသိတော့ပါဘူး” လို့စိတ်လှုပ်ရှားစွာပြောကြားခဲ့ပါတယ်။ ဘရာဇီးလက်ရွေးစင်ဟာ ယခုပွဲစဉ်မှာ ပါဝင်ကစားခဲ့ပေမယ့် ကြံ့ခိုင်မှုကတော့ အကောင်းဆုံးအခြေအနေမှာရှိမနေခဲ့ပါဘူး။ သို့သော်လည်းကစားသမားက ယခုပွဲကြောင့်သူ့အနေနဲ့ ကောင်းမွန်တဲ့ခံစားချက်တွေရရှိခဲ့တယ်လို့ဆိုပါတယ်။ 

ဘာစီလိုနာကြယ်ပွင့်ဟောင်းက “ကျွန်တော် ပွဲတွေကစားဖို့လိုအပ်နေပါတယ်။ လောလောဆယ်မှာတော့ ကြံ့ခိုင်မှုက ၁၀၀ ရာခိုင်နှုန်းမှာမရှိပါဘူး။ ဒီညမှာ အရမ်းပြေးဖို့၊ ဒါမှမဟုတ် အလိမ်အခေါက်တွေပြုလုပ်ဖို့ မမျှော်လင့်ထားခဲ့ပါဘူး။ ၄-၅ ပွဲလောက်ကစားပြီးချိန်မှာတော့ ပိုကောင်းလာမယ်ထင်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။
 
အသက်-၃၃ နှစ်အရွယ်ကစားသမားဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၁ ရက်နေ့မှာ ဆန်းတို့စ်နဲ့ပြန်လည်ချိတ်ဆက်ခဲ့တာဖြစ်ပြီး ၆ လသက်တမ်းရှိအငှားစာချုပ်ကို ချုပ်ဆိုထားခဲ့ပါတယ်။ ယခင်က ဆန်းတို့စ်မှာကစားခဲ့စဉ်က နေမာဟာ အသင်းနဲ့အတူ အမှတ်ပေးဖလား ၆ ကြိမ်အထိဆွတ်ခူးနိုင်ခဲ့ပြီး အခြားပြည်တွင်းဆုဖလားတွေလည်း ရရှိခဲ့ပါတယ်။ 

ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားအဖြစ် သတ်မှတ်ခံထားခဲ့ရဖူးတဲ့နေမာဟာ ၂၀၁၃ ခုနှစ်မှာ ဆန်းတို့စ်ကနေထွက်ခွာပြီး ဘာစီလိုနာသို့ပြောင်းရွှေ့ခဲ့ကာ ၂၀၁၇ ခုနှစ်မှာတော့ ဘောလုံးသမိုင်းတစ်လျှောက် အမြင့်မားဆုံးပြောင်းရွှေ့ကြေး ယူရို ၂၂၂ သန်းနဲ့ ပီအက်စ်ဂျီသို့ ထပ်မံရောက်ရှိသွားခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်နွေရာမှာတော့ ဘရာဇီးသားဟာ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလယ်နဲ့ ချိတ်ဆက်ခဲ့ပြီး နောက်ပိုင်းမှာတော့ ဒူးဒဏ်ရာကြောင့် ကာလရှည်အနားယူထားခဲ့ရပါတယ်။ ဆန်းတို့စ်သို့အငှားစာချုပ်နဲ့ရောက်ရှိလာခဲ့တဲ့ နေမာဟာ ဆော်ဒီကလပ်နဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။