
အီဆက်အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး သွေးအေးတဲ့ထုတ်ပြန်ချက် ထုတ်ပြန်လာတဲ့ နယူးကာဆယ်
လီဗာပူးအသင်းထံ အီဆက်ကို ပေါင် ၁၂၅ သန်းနဲ့ရောင်းချခဲ့ပြီးနောက် နယူးကာဆယ်အသင်းက သွေးအေးတဲ့ထုတ်ပြန်ချက် ထုတ်ပြန်လိုက်ပါတယ်။ အီဆက်ဟာ အခုနွေရာသီတစ်လျှောက်လုံး လီဗာပူးအသင်းထံပြောင်းရွှေ့ဖို့ တွန်းအားပေးခဲ့တာဖြစ်ပါတယ်။ အသက် ၂၅ နှစ်သားဟာ ကာရာဘောင် နဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာကြောင့် နယူးကာဆယ်ပရိသတ်တွေရဲ့အချစ်တော်ဖြစ်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း အခုနွေရာသီအပြောင်းအရွှေ့နောက်ပိုင်းမှာ လီဗာပူးအသင်းထံပြောင်းရွှေ့ဖို့ တွန်းအားပေးလာခဲ့သလို နယူးကာဆယ်အတွက် ပြန်ကစားပေးဖို့ ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။ အပြောင်းအရွှေ့နောက်ဆုံးရက်မှာမှ သဘောတူညီမှုရယူနိုင်ခဲ့တာဖြစ်ပြီး နယူးကာဆယ်ဘက်က အတိုချုံးကြေညာချက်သာ ထုတ်ပြန်ခဲ့ပါတယ်။
နယူးကာဆယ်အသင်းဘက်က အီဆက်ထွက်ခွာမှုအတွက် ကြေညာချက် ၂ ကြောင်းသာ ထုတ်ပြန်ခဲ့ပါတယ်။ “အီဆက်တစ်ယောက် လီဗာပူးအသင်းထံ ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေး နဲ့ ပြောင်းရွှေ့ခဲ့ပြီဆိုတာ ကျွန်တော်တို့ ကြေညာချင်ပါတယ်။ ဆွီဒင်သားဟာ ၂၀၂၂ တုန်းက ဆိုစီဒက်ထံကနေ ပြောင်းလာခဲ့ပြီး ပြိုင်ပွဲစုံ ၁၀၉ ပွဲပါဝင်ကစားပေးခဲ့ပါတယ်”လို့ ကြေညာခဲ့ပါတယ်။
အီဆက်ဟာ ၂၀၂၂ တုန်းက ဆိုစီဒက်အသင်းထံကနေ ပေါင် ၆၃ သန်းနဲ့ နယူးကာဆယ်အသင်းထံပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်းအတွက် ၁၀၉ ပွဲမှာ ၆၂ ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။ အီဆက်က လီဗာပူးအသင်းရဲ့နောက်ဆုံးကြီးမားတဲ့ခေါ်ယူမှုဖြစ်ပြီး ပရီးမီးယားလိဂ်ချန်ပီယံဆုကာကွယ်နိုင်ဖို့ အလားအလာကောင်းစေပါတယ်။
“ကျွန်တော် အံ့ဖွယ်ခံစားချက်ရပါတယ်။ ဒီကိုပြောင်းလာဖို့ ခရီးအရှည်ကြီးဖြတ်သန်းခဲ့ရပါတယ်။ ဒါပေမယ့် ကျွန်တော်ဒီအသင်းရဲ့အစိတ်အပိုင်းအဖြစ် ပါဝင်ခွင့်ရလို့ အရမ်းပျော်ပါတယ်။ ကျွန်တော် အရမ်းဂုဏ်ယူသလို ဒီအသင်းနဲ့ပူးပေါင်းဖို့ မစောင့်နိုင်အောင်ဖြစ်နေပါပြီ။ အခုလိုအပြောင်းအရွှေ့အပြီးသတ်နိုင်ခဲ့လို့ ကျွန်တော်ပျော်သလို ကျွန်တော် အလုပ်ပြန်ုလုပ်နိုင်ပါပြီ။ ကျွန်တော် အသင်းဖော်အသစ်တွေနဲ့ တွေ့ချင်နေပါပြီ။ ကျွန်တော် အသင်းအတွက် အများကြီးပေးနိုင်မယ်လို့ ထင်ပါတယ်။
ကျွန်တော်အများကြီးတိုးတက်အောင်လုပ်ပေးနိုင်မယ်လို့ ထင်ပါတယ်။ ကျွန်တော်က တိုက်စစ်မှူးဖြစ်တာကြောင့် အသင်းအတွက် အများကြီးပေးချင်ပါတယ်။ အထူးသဖြင့်သွင်းဂိုးတွေပါ။ ကျွန်တော်အရာအားလုံးအနိုင်ရချင်ပါတယ်။ မှန်ပါတယ်။ ကျောနံပတ် ၉ ကကျွန်တော့်အတွက် အဓိပ္ပာယ်အများကြီးရှိပါတယ်။ အဲ့တာက ဂန္ထဝင်ကျောနံပတ်ပါ။ယေဘုယျအားဖြင့် အဲ့တာက တာဝန်ယူမှုတွေပါလာပါတယ်။ ဒါပေမယ့် ကျွန်တော် ဒီကျောနံပတ်ကိုဝတ်ဆင်ခွင့်ရလို့ ဝမ်းသာမိပါတယ်။ ကျွန်တော်အလုပ်စတင်နိုင်ဖို့ စိတ်အားထက်သန်နေသလို အသင်းအတွက် အများကြီးပြန်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်”လို့ အီဆက်က ပြောကြားခဲ့ပါတယ်။
နယူးကာဆယ်ဟာ အီဆက်နေရာအတွက် ဝိုတီမိတ်ကို ပေါင် ၆၉ သန်းနဲ့ ခေါ်ယူခဲ့သလို ဝီဆာကိုလည်း ဘရန့်ဖို့ဒ်ထံကနေ ခေါ်ယူနိုင်ခဲ့ပါတယ်။ အီဆက်နည်းတူ ဝီဆာကလည်း ဘရန့်ဖို့ဒ်အတွက်ကစားပေးဖို့ ငြင်းဆန်ပြီး နယူးကာဆယ်ထံပြောင်းရွှေ့ဖို့ တွန်းအားပေးခဲ့တာဖြစ်ပါတယ်။
“ကျွန်တော် ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးအသင်းတွေထဲတစ်သင်းထံပြောင်းရွှေ့ခဲ့လို့ အရမ်းပျော်မိပါတယ်။ ဒီအသင်းအကျီကိုဝတ်ဆင်ခွင့်ရဖို့ အရမ်းအရမ်းစိတ်လှုပ်ရှားနေပါပြီ။ ကျွန်တော့်မှာ အိပ်မက်တွေရှိပါတယ်။ ကျွန်တော်အခုအကောင်းဆုံးလုပ်ဆောင်ဖို့ အဆင်သင့်ဖြစ်နေပါပြီ”လို့ ဝီဆာက ပြောကြားခဲ့ပါတယ်။
နယူးကာဆယ်နည်းပြ ဟိုဝီကလည်း ဝီဆာဟာ ကစားသမားကောင်းဖြစ်သလို သူ့ကိုခေါ်ယူချင်နေတာ ကြာမြင့်နေပြီဖြစ်ကာ အခုလိုခေါ်ယူနိုင်ခဲ့လို့ ဝမ်းသာမိတယ်လို့ ပြောကြားခဲ့ပါတယ်။