The network connection is lost.

Banner Image

စတုဂတ်တိုက်စစ်မှူး ဝေါ်လ်တီမာဒယ်ကို ယူရို ၈၅ သန်းနဲ့ခေါ်ယူဖို့ သဘောတူညီမှုရရှိထားတဲ့ နယူးကာဆယ်

နယူးကာဆယ်ဟာ ဂျာမန်ဘွန်ဒက်စ်လီဂါကလပ် စတုဂတ်တိုက်စစ်မှူး နစ်ခ်ဝေါ်လ်တီမာဒယ်ကို ယူရို ၈၅ သန်းနဲ့ခေါ်ယူဖို့ အလုံးစုံသဘောတူညီမှုရရှိထားတယ်လို့သိရပါတယ်။ ဒါကြောင့် ယခုနွေရာသီအတွင်း အသင်းမှထွက်ခွာပြီး လီဗာပူးသို့ပြောင်းရွှေ့လိုနေတဲ့ တိုက်စစ်မှူး အလက်ဇန်းဒါးအီဆက်အနေနဲ့လည်း အပြောင်းအရွှေ့ဖြစ်ပေါ်လာဖို့ ပိုမိုအခြေအနေကောင်းလာပါတယ်။

နယူးကာဆယ်ဟာ ဝေါ်လ်တီမာဒယ်ကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့သဘောတူညီမှုရရှိထားတာဖြစ်ပြီး လာမယ့်ရက်ပိုင်းအတွင်းမှာပဲ အပြောင်းအရွှေ့ကို တရားဝင်ကြေညာလာဖွယ်ရှိပါတယ်။ ဒါကြောင့် နယူးကာဆယ်အနေနဲ့ အသင်းမှထွက်ခွာဖို့စိတ်အားထက်သန်နေတဲ့ အီဆက်ကို ထွက်ခွာခွင့်ပြုသွားဖွယ်ရှိနေပြီး ဆွီဒင်သားဟာ အသင်းဖော်တွေကို နှုတ်ဆက်စကားပင်ပြောကြားထားပြီးဖြစ်တယ်လို့သိရပါတယ်။ 

ဝေါ်လ်တီမာဒယ်ဟာ ပြီးခဲ့တဲ့ရာသီက စတုဂတ်အတွက်ပြိုင်ပွဲစုံ ၁၇ ဂိုးအထိသွင်းယူခဲ့ပြီး ဘွန်ဒက်စ်လီဂါဂိုးသွင်းအများဆုံးကစားသမားစာရင်းမှာလည်း ၁၂ ဂိုးနဲ့ နံပါတ် ၁၀ နေရာမှာရပ်တည်နိုင်ခဲ့ပါတယ်။ ကစားသမားဟာ ဝါဒါဘရီမင်မှ စတုဂတ်သို့ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၄-၂၅ တစ်ရာသီသာ စတုဂတ်မှာနေထိုင်ခဲ့တာဖြစ်ပါတယ်။ 

အပြောင်းအရွှေ့ကာလပိတ်သိမ်းဖို့က ၃ ရက်ခန့်သာလိုအပ်တော့တာကြောင့် နယူးကာဆယ်အနေနဲ့ ဝေါ်လ်တီမာဒယ်ကိုခေါ်ယူနိုင်ပြီးပါက အီဆက်ကို လီဗာပူးသို့ရောင်းချဖို့ လျင်လျင်မြန်မြန်ပဲ ဆက်လက်ဆောင်ရွက်သွားဖွယ်ရှိပါတယ်။ 
စတုဂတ်ဟာ ဝေါ်လ်တီမာဒယ်ကို အသင်းမှဆက်လက်ထိန်းသိမ်းဖို့ ဆန္ဒရှိနေတာကြောင့် ယခုနွေရာသီအတွင်း ကစားသမားကိုခေါ်ယူဖို့ ကြိုးစားခဲ့တဲ့ ကမ်းလှမ်းမှုတွေကို အကြိမ်ကြိမ်ပယ်ချထားခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း ယခုအခါမှာ နယူးကာဆယ်က ပေါင် ၇၄ သန်း+အပိုဆုကြေး ၅ သန်းအထိပေးချေဖို့ ကမ်းလှမ်းခဲ့တာကြောင့် ရောင်းချဖို့သာဆုံးဖြတ်ခဲ့တယ်လို့သိရပါတယ်။ 

နယူးကာဆယ်အနေနဲ့ ဝေါ်လ်တီမာဒယ်ကိုခေါ်ယူပြီးပါက အီဆက်ရဲ့အပြောင်းအရွှေ့ကို ဆက်လက်လုပ်ဆောင်သွားဖွယ်ရှိနေပြီး ပရိသတ်တွေအနေနဲ့ ဆွီဒင်လက်ရွေးစင်ကို လီဗာပူးမှာမြင်တွေ့သွားရမလား ဆက်လက်စောင့်ကြည့်သွားရပါမယ်။