The network connection is lost.

Banner Image

ယူနိုက်တက်ကို ပြောင်းရွှေ့နိုင်ကြောင်း အရိပ်အမြွက်ပြောကြားလာတဲ့ နယ်သာလန်စတား

တူရကီအသင်းကို ၂-၁ နဲ့ အနိုင်ရပြီးနောက် နယ်သာလန်တိုက်စစ်မှူး ဇီကာဇီက အခုနွေရာသီမှာ ယူနိုက်တက်ကိုပြောင်းနိုင်ချေရှိတယ်လို့ အရိပ်အမြွက်ပြောကြားလိုက်ပါတယ်။  ယူနိုက်တက်ဟာ ဇန်နဝါရီတုန်းက တိုက်စစ်မှူး ရှာပုံတော်ဖွင့်ခဲ့ပြီး အခုလည်းနွေရာသီမှာ ဘိုလော့ဂ်နာစတားကို ခေါ်ယူဖို့ ကြိုးပမ်းလာခဲ့တာဖြစ်ပါတယ်။

အသက် ၂၃ နှစ်သားကို အေစီမီလန်က ခေါ်ယူဖို့သဘောတူညီမှုရရှိခဲ့ပေမယ့် ကစားသမားရဲ့အေးဂျင့် ကိုင်ဘက်က ကိုယ်စားလှယ်ကြေး ပေါင် ၁၂ သန်း တောင်းဆိုခဲ့တာကြောင့် အပြောင်းအရွှေ့က ပျက်ပြယ်ခဲ့ပါတယ်။ အဆိုပါအနေအထားက ယူနိုက်တက်အတွက် အခွင့်အရေးကောင်းလာစေခဲ့ပြီး စာချုပ်ဖျက်သိမ်းကြေးက ပေါင် ၃၃ သန်း ရှိနေတာဖြစ်ပါတယ်။

အခုအပတ်အစောပိုင်း အီတလီသတင်းတွေအရ ယူနိုက်တက်နည်းပြ တန်ဟက်ဟာ ဇီကာဇီကို ကိုယ်တိုင်ဆက်သွယ်ခဲ့ပြီး အသင်းထံပြောင်းလာဖို့ စည်းရုံးခဲ့တယ်လို့ ဆိုပါတယ်။ ဇီကာဇီဟာ တူရကီကို ၂-၁ နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ နိုင်ငံတကာကစားသမားဘဝပွဲဦးထွက်ပါဝင်ခွင့်ရရှိခဲ့ပါတယ်။ ပွဲအပြီးမှာ သူ့အနေနဲ့ စီးရီးအေမှာ ဆက်ရှိဖို့မသေချာကြောင်း ပြောကြားခဲ့ပါတယ်။

“ကျွန်တော် မသိသေးပါဘူး။ ဘာဖြစ်မလဲဆိုတာ ဆက်လက်စောင့်ကြည့်ရပါမယ်”လို့ ဇီကာဇီက ပြောကြားခဲ့ပါတယ်။ အခုအပတ်အစောပိုင်းတုန်းကလည်း ဘိုလော့ဂ်နာနည်းစနစ်ဒါရိုက်တာ ဆာတိုရီက ဇီကာဇီနေရာအတွက် အစားထိုးမယ့်သူရှာဖွေနေပြီဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။

“ဇီကာဇီမှာ စာချုပ်ဖျက်သိမ်းကြေးရှိနေပါတယ်။ သူထွက်ခွာဖို့ ၉၉% သေချာပါတယ်။ ကျွန်တော်တို့ သူ့နေရာမှာအစားထိုးမယ့်သူရှာဖွေနေပါတယ်”လို့ ဆာတိုရီက ပြောကြားခဲ့ပါတယ်။

ဇီကာဇီဟာ ၂၀၂၂ သြဂုတ်လတုန်းက ဘိုင်ယန်ကနေ ပေါင် ၇ သန်းနဲ့ပြောင်းလာခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ရာဦတုန်းက စီးရီးအေမှာ ၁၁ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။