The network connection is lost.
ယနေ့နံနက်က ယှဉ်ပြိုင်ခဲ့တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲအကြို ခြေစမ်းပွဲစဉ်မှာ နယ်သာလန်အသင်းက အိုက်စလန်ကို ၄-၀ ဆိုတဲ့ရလဒ်နဲ့ အတူ ဂိုးပြတ်နိုင်ပွဲဖော်ဆောင်ခဲ့ပြီး ပြိုင်ပွဲအတွက် သွေးပူလေ့ကျင့်ခန်းဆင်းခဲ့ပါတယ်။
ယခုပွဲစဉ်မှာ နယ်သာလန်ဟာ လူစုံထုတ်သုံးလာခဲ့တာကြောင့် လာမယ့် ၆ ရက် အကြာမှာ ကစားရမယ့် အုပ်စုအဆင့်ပထမဆုံး ပိုလန်နဲ့ပွဲမှာ အဆင်သင့်ဖြစ်နေစေဖို့ ရည်ရွယ်ခဲ့ပုံပေါ်ပါတယ်။ သို့သော်လည်း အိမ်ရှင်အသင်းဟာ ပထမပိုင်း အတွင်းမှာတော့ ဂိုးသွင်းဖို့ ရုန်းကန်ခဲ့ရပြီး အသက်-၂၁ နှစ် အရွယ် ကစားသမားလေး ဇာဗီဆိုင်မွန်စ်ကြောင့်သာ ပထမပိုင်းမှာ ၁-၀ နဲ့ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။
ဒုတိယပိုင်းမှာလည်း နယ်သာလန်ကပဲပွဲကို ဆက်လက်စိုးမိုးထားခဲ့ပြီး ပွဲကစားချိန် ၄၉ မိနစ်မှာ အသင်းရဲ့ဝါရင့်နောက်ခံလူ ဗန်ဒိုက်ခ်က ဒုတိယဦးဆောင်ဂိုး ဆက်လက်သွင်းယူပေးခဲ့ပါတယ်။ ၂ ဂိုးအထိ ခွင့်ပြုလိုက်ရပြီးနောက်ပိုင်းမှာတော့ အိုက်စလန်က ဂိုးပေါက်ခြိမ်းခြောက်မှုတွေပြန်လည်ပြုလုပ်ခဲ့ပေမယ့် ချေပဂိုးပြန်လည် သွင်းယူနိုင်ခဲ့ခြင်းမရှိပါဘူး။
ပွဲကစားချိန် ၆၆ မိနစ် နောက်ပိုင်းမှာတော့ နယ်သာလန်က လူစားလဲမှုတွေဆက်တိုက် ပြုလုပ်ခဲ့ပြီး တိုက်စစ်ဆက်လက်မြှင့်တင်လာတာကြောင့် ဂိုးတွေထပ်ရခဲ့ပြီး ၇၉ မိနစ်မှာ မေလန်နဲ့ ပွဲပြီး နာကျင်အချိန်ပိုမှာ ဝက်ဂ်ဟော့စ်တို့က အသီးသီးသွင်းယူပေးခဲ့ကြတာ ဖြစ်ပါတယ်။ ဝက်ဂ်ဟော့စ်ရဲ့ဂိုးဟာ အငြင်းပွားစရာဖြစ်ခဲ့ပြီး VAR နဲ့စစ်ဆေးခဲ့ရပေမယ့် ဂိုးအဖြစ် အတည်ပြုခဲ့ပါတယ်။