ဝေါ်လ်တာမက်ဇ်ဇာရီကို ရာထူးမှ ထုတ်ပယ်ခဲ့တဲ့ နာပိုလီ
နာပိုလီနည်းပြအဖြစ် သုံးလကျော်သာ တာဝန်ထမ်းဆောင်ရသေးတဲ့ ဝေါ်လ်တာမက်ဇ်ဇာရီကို စီးရီးအေ လက်ရှိချန်ပီယံတွေက ရာထူးမှ ထုတ်ပယ်လိုက်ပြီး သူ့ရဲ့နေရာမှာ ဆလိုဗက်ကီးယားလက်ရွေးစင်အသင်းနည်းပြ ကယ်လ်ဇိုနာကို အစားထိုးတာဝန်ပေးအပ်လိုက်ပါတယ်။
မက်ဇ်ဇာရီက ပြီးခဲ့တဲ့နိုဝင်ဘာလအတွင်း ရူဒီဂါစီယာရဲ့တာဝန်တွေကို ဆက်ခံခဲ့သူ ဖြစ်ပါတယ်။ အီတလီအခြေစိုက်သတင်းဌာနတွေရဲ့ အဆိုအရ ကယ်လ်ဇိုနာက အခုရာသီကုန်အထိ နာပိုလီနည်းပြအဖြစ် တာဝန်ယူသွားဖို့ စာချုပ်ချုပ်ဆိုခဲ့ပြီး ဆလိုဗက်ကီးယားအသင်းနည်းပြတာဝန်ကိုလည်း ဆက်လက်ထမ်းဆောင်မယ်လို့ သိရပါတယ်။
နာပိုလီအသင်းပိုင်ရှင်ဒီလော်ရန်တေးစ်ကတော့ ခက်ခဲတဲ့အခိုက်အတန့်တွေမှာ အသင်းအပေါ် ကူညီပေးခဲ့မှုတွေအတွက် မက်ဇ်ဇာရီကို ကျေးဇူးတင်စကား ပြောဆိုခဲ့ပါတယ်။ နာပိုလီက လာမယ့်ဗုဒ္ဓဟူးနေ့ညပိုင်း၊ မာရာဒိုနာကွင်းကြီးမှာ ဘာစီလိုနာအသင်းကို ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်(ပထမအကျော့)ပွဲစဉ်အဖြစ် ဧည့်ခံကစားရပါမယ်။
၂၀၂၂ ခုနှစ်၊ သြဂုတ်လအတွင်း ဆလိုဗက်ကီးယားနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရတဲ့ ကယ်လ်ဇိုနာက အသင်းကို ဂျာမနီနိုင်ငံမှာ ကျင်းပမယ့် ယူရို-၂၀၂၄ ပြိုင်ပွဲဝင်ခွင့်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ အသက်-၅၅ နှစ်အရွယ်နည်းပြက ဆာရီ၊ စပယ်လက်တီတို့လက်အောက်မှာ နာပိုလီလက်ထောက်နည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။