
လီဗာပူးနဲ့ အပြောင်းအရွှေ့နှင့် ပတ်သက်ပြီး ဖလော်ရီယန်ဝစ်ဇ်ထံ ပြောကြားလိုက်တဲ့ နာဂယ်လ်စ်မန်း
ဝစ်ဇ်ဟာ ဘေယန် လေဗာကူဆင်အတွက် ၁၉၇ ပွဲတွင် ၅၇ ဂိုး သွင်းယူထားပြီး ပြီးခဲ့တဲ့ ရာသီက ဇာဘီ အလွန်ဆို လက်အောက်တွင် ဘွန်ဒက်စ်လီဂါ၊ ဂျာမန်ဖလားနှင့် ဂျာမန်စူပါဖလားတို့ကို ဆွတ်ခူးခဲ့သူဖြစ်ပါတယ်။
သို့သော်လည်း ဥရောပဘောလုံးလောကတွင် အကောင်းဆုံး တိုက်စစ် ကွင်းလယ်ကစားသမားများထဲမှ တစ်ဦးအဖြစ် သတ်မှတ်ခံရတဲ့ ဂျာမနီလက်ရွေးစင် ကစားသမားဟာ နွေရာသီ အပြောင်းအရွှေ့ကာလ စတင်ချိန်တွင် လေဗာကူဆင်ကနေ အလွန်ဆိုအတိုင်း ထွက်ခွာဖွယ်ရှိသည်ဟု မျှော်လင့်ရပါတယ်။
ဘိုင်ယန်မြူးနစ်ဟာ ဝစ်ဇ်နှင့် ကာလရှည်ကြာ ချိတ်ဆက်မှုများ ရှိခဲ့ပြီး အသက် ၂၂ နှစ်အရွယ် ကစားသမားဟာ ယခုလအစောပိုင်းက အလိုင်းယန့်ဇ် အာရီနာသို့ ပြောင်းရွှေ့ရန် နှုတ်အားဖြင့် သဘောတူညီမှု ရရှိခဲ့ပါတယ်။
သို့သော်လည်း လီဗာပူးက အပြောင်းအရွှေ့တွင် ဦးဆောင်နေပြီး ဝစ်ဇ်က ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဆွတ်ခူးခဲ့တဲ့ လီဗာပူးသို့ ကတိပေးခဲ့တယ်လို့ သတင်းများက ဖော်ပြထားပြီး ဘိုင်ယန် ဥက္ကဋ္ဌက ထိုသတင်းကို ယခုလအစောပိုင်းမှာ အတည်ပြုခဲ့ပါတယ်။
"ဘိုင်ယန် အားကစား ဒါရိုက်တာ မက်စ် အီဘာလ်က ဖလိုရီယန် ဝစ်ဇ်ဟာ လီဗာပူးကို ပြောင်းဖို့ စိတ်ဝင်စားနေတယ်လို့ ကျွန်တော့်ကို အကြောင်းကြားခဲ့ပါတယ်" လို့ ဟာဘတ် ဟိုင်နာက ပြောကြားခဲ့ပါတယ်။
"ကျွန်တော်တို့ တစ်ချိန်ချိန်မှာတော့ ခန့်မှန်းချက်တွေနဲ့ မဟုတ်ဘဲ အချက်အလက်တွေနဲ့ ပေးပါ့မယ်။ အဲဒါက ခင်ဗျားတို့ရဲ့ တာဝန်ပါ" လို့ ၎င်းက ဆိုပါတယ်။ လီဗာပူးသည် ဝစ်ဇ်ကို ခေါ်ယူရန် ယူရို သန်း ၁၃၀(ပေါင် ၁၀၉ သန်း) မှ ယူရို သန်း ၁၅၀ (ပေါင် ၁၂၆ သန်း) အကြား ပေးချေရန် ပြင်ဆင်ထားပြီး ဝစ်ဇ်ဟာ အင်္ဂလန်နိုင်ငံ အနောက်မြောက်ပိုင်းတွင် အိမ်များ ရှာဖွေနေပြီဖြစ်ကြောင်း သိရပါတယ်။
ဆုံးဖြတ်ချက်ရဲ့ အရေးကြီးပုံကို ထောက်ရှုပြီး ဝစ်ဇ်ဟာ နာဂယ်လ်စ်မန်းထံမှ သူ၏ နောက်တစ်ဆင့်အတွက် အကြံဉာဏ်အချို့ ရယူရန် ဆက်သွယ်ခဲ့ပါတယ်။ "သူက ကျွန်တော့်ဆီ စာပို့ခဲ့ပါတယ်။ ကျွန်တော်တို့ မက်ဆေ့ချ် အနည်းငယ် ပြောခဲ့ကြပါတယ်"
"ကျွန်တော့်ရဲ့ အသိပညာနဲ့ ယုံကြည်ချက် အတတ်နိုင်ဆုံး အကြံဉာဏ်တွေ ပေးခဲ့ပေမယ့် သူ့အတွက် ကျွန်တော် ဆုံးဖြတ်ချက် မချပေးနိုင်ဘူးလို့ ပြောခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော့်ရဲ့ ထင်မြင်ချက်ဟာ အမြဲတမ်း မှန်ကန်နေမှာ မဟုတ်လို့ပါပဲ။ နောက်ဆုံး ဆုံးဖြတ်ချက်က သူ့ဆီမှာပါ"
"ကျွန်တော် ဘယ်ကလပ်ကိုမှ ပယ်ချခဲ့တာ မဟုတ်ပါဘူး၊ သူ့ကို အခြေအနေတွေကို ရှင်းပြပြီး အကြံဉာဏ်တွေ ပေးဖို့ပဲ ကြိုးစားခဲ့ပါတယ်" "သူ့ရဲ့ ဆုံးဖြတ်ချက်ကို သိရဖို့ စိတ်လှုပ်ရှားနေပါတယ်။ အရာရာတိုင်း ပြီးစီးသွားပြီလို့ အမြဲကြားနေရပါတယ်။ ဘိုင်ယန်နဲ့ ပတ်သက်လို့လည်း ပြီးစီးသွားပြီလို့ ပြောခဲ့ကြပါသေးတယ်။ စောင့်ကြည့်ရအောင်ဗျာ" လို့ ဂျာမနီနည်းပြ နာဂယ်လ်စ်မန်းက Sky Sport Deutschland ကို ပြောကြားခဲ့ပါတယ်။
နာဂယ်လ်စ်မန်းရဲ့ အဆိုအရ အာနီ ဆလော့က လီဗာပူးတွင် ဖန်တီးထားတဲ့ ကောင်းမွန်သော ပတ်ဝန်းကျင်ဟာ ဝစ်ဇ်အတွက် သင့်တော်လိမ့်မယ်လို့ ဆိုထားပါတယ်။ "အမြင်အမျိုးမျိုးကနေ ကြည့်လို့ရပါတယ်။ နောက်ဆုံးမှာတော့ ကစားသမားတိုင်း ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ရမှာပါ"
"အဲဒါက တရားဝင်တော့ မဟုတ်သေးဘူး၊ ဒါပေမယ့် လီဗာပူးသာ ဖြစ်ခဲ့မယ်ဆိုရင်တော့ အရမ်းကောင်းတဲ့ ခြေလှမ်းဖြစ်ပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ သူက သူ့နေရာမှာ ကစားနိုင်မယ်၊ ကောင်းမွန်တဲ့ ပတ်ဝန်းကျင်၊ ကြီးကျယ်တဲ့ ကလပ်ဖြစ်လို့ပါ" လို့ ဘိုင်ယန်မြူးနစ်နှင့် အာရ်ဘီလိုက်ပ်ဇစ် နည်းပြဟောင်းက ထပ်လောင်းပြောကြားခဲ့ပါတယ်။
"ဘိုင်ယန်ကလည်း ဆိုးတဲ့ ရွေးချယ်မှု မဟုတ်ပါဘူး။ သူတို့ကို [ဝစ်ဇ်နဲ့ မူဆီယာလာ] အတူတူ ကစားစေရရင် ကောင်းမှာပါ။ ဒါပေမယ့် ဂျာမန်နဲ့ ဖလိုတို့ဟာ ကလပ်အတူတူ မရှိရင်တောင် ကောင်းကောင်း တွဲဖက်နိုင်ပါတယ်" "အရေးအကြီးဆုံးကတော့ သူ ကစားရပြီး ဆက်လက် တိုးတက်ဖို့ပါပဲ။ သူ လီဗာပူးမှာ ပိုကောင်းမယ်လို့ ခံစားရရင်တော့ သူ လုပ်ရပါလိမ့်မယ်" လို့ နာဂယ်လ်စ်မန်းက ပြောကြားခဲ့ပါတယ်။