
ယူရိုပါကွန်ဖရန့်လိဂ်ဗိုလ်လုပွဲမှာ နည်းပြဟောင်းပယ်လီဂရီနဲ့ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေပါပြီလို့ ဖွင့်ဟလာတဲ့ မာရက်စ်ကာ
ချဲလ်ဆီးနည်းပြမာရက်စ်ကာက ယူရိုပါကွန်ဖရန့်လိဂ်ဗိုလ်လုပွဲမှာ ဘက်တစ်နဲ့မရင်ဆိုင်ခင် ပယ်လီဂရီနီကို သူ့ရဲ့ လက်ဦးဆရာတစ်ဦးအဖြစ် ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ ပြီးခဲ့တဲ့ကြာသပတေးနေ့၊ စတမ်းဖို့ဒ်ဘရစ်ချ်မှာ ဆွီဒင်ကလပ် Djurgardens ကို ၁-၀ ဂိုးဖြင့် အနိုင်ယူပြီးနောက် ချဲလ်ဆီးရဲ့အခုဘောလုံးရာသီဥရောပခရီးစဉ် ရှေ့ဆက်နိုင်ခဲ့ပါတယ်။ သူတို့တွေက ဖီအိုရင်တီးနားကို ဒရမ်မာဆန်ဆန်အကြိတ်အနယ်ကစားပြီး နှစ်ကျော့ပေါင်းရလဒ် ၄-၃ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ လာလီဂါကလပ်ဘက်တစ်နဲ့ ယူရိုပါကွန်ဖရန့်လိဂ်ဗိုလ်လုပွဲအဆင့်မှာ ရင်ဆိုင်သွားရပါမယ်။
မာရက်စ်ကာနဲ့ ပယ်လီဂရီနီအကြား ဆက်ဆံရေးက ပရော်ဖက်ရှင်နယ်ပိုင်းဆိုင်ရာရင်းနှီးမှုထက် အများကြီးကျော်လွန်နေပါတယ်။ လက်ရှိချဲလ်ဆီးနည်းပြက ချီလီနည်းဗျူဟာရှင်လက်အောက် မာလာဂါအသင်းမှာ ကစားသမားအဖြစ် ဖြတ်သန်းခဲ့ဖူးပြီး ဝက်စ်ဟမ်းအသင်းမှာလည်း ပယ်လီဂရီနီရဲ့လက်ထောက်အဖြစ် တာဝန်ယူခဲ့ဖူးပါတယ်။
သတင်းထောက်တွေနဲ့တွေ့ဆုံချိန် မာရက်စ်ကာက ဝါရင့်နည်းပြကြီးနဲ့ပတ်သက်တဲ့ သူ့ရဲ့စိတ်ခံစားမှုဆိုင်ရာ ဆက်ဆံရေးကို ပြောပြခဲ့ပြီး နောက်ပိုင်းမှာလည်း ပယ်လီဂရီနီကြောင့် ဘက်တစ်ရဲ့ဆီမီးဖိုင်နယ်အောင်ပွဲကို စောင့်ကြည့်ဖြစ်နေလို့ သတင်းစာရှင်းလင်းပွဲဆီ နောက်ကျပြီးမှ ရောက်ရှိလာတာပါလို့ ရှင်းပြခဲ့ပါတယ်။
မာရက်စ်ကာက “ ဘက်တစ်နဲ့ရင်ဆိုင်ရမှာဖြစ်လို့ ကျွန်တော်ပျော်ရွှင်မိပါတယ်။ အထူးသဖြင့် ပယ်လီဂရီနီကြောင့်ပါပဲ။ သူက ကျွန်တော့်အတွက်တော့ လက်ဦးဆရာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့တွေ ပျော်ရွှင်နေကြပါလိမ့်မယ်။ ကျွန်တော်ကိုယ်တိုင်လည်း သူနဲ့ လေးနှစ်လောက် လက်တွဲခဲ့ဖူးပါတယ်။ကစားသမားအဖြစ် နှစ်နှစ်၊ သူ့ရဲ့ လက်ထောက်အဖြစ် နှစ်နှစ်ပါ။ ဒါကြောင့် ကစားသမားတွေအကြောင်း သူ ဘယ်လိုမျိုးတွေးခေါ်စဉ်းစားလေ့ရှိသလဲဆိုတာကို ကျွန်တော် အတိအကျသိပါတယ်။ ဒါပေမယ့် အဓိကအရေးအကြီးဆုံးအရာကတော့ သူက လူရိုးလူကောင်းတစ်ဦး ဖြစ်နေခြင်းပါပဲ။ သူက ကစားသမားတွေနဲ့အတူ ရိုးရိုးသားသားကြိုးစားလေ့ရှိပါတယ်။ ပုဂ္ဂိုလ်ရေးအားဖြင့်လည်း သူ့ဆီမှ အများကြီးသင်ယူနိုင်ဖို့ ကြိုးစားပါတယ်”လို့ ပြောပါတယ်။
ပယ်လီဂရီနီနဲ့ပတ်သက်လို့ မာရက်စ်ကာက အမြင့်ဆုံးလေးစားမှုထားရှိချိန်မှာပဲ ဗိုလ်လုပွဲမှာရင်ဆိုင်ရမယ့် စိန်ခေါ်မှုကတော့ သူနဲ့သိပ်ပြီး မစိမ်းလှပါဘူး။ နည်းပြဘဝမစတင်ခင် အီတာလျံသားက ဘက်တစ်ရဲ့ခါးသီးပြိုင်ဘက် ဆီဗီလာမှာ အောင်မြင်တဲ့ကစားသမားဘဝတစ်ခုကို တည်ဆောက်နိုင်ခဲ့ပါတယ်။ မာရက်စ်ကာက “ ဘက်တစ်ရဲ့အစဉ်အလာဒါဘီပြိုင်ဘက်ကြီး ဆီဗီလာမှာ ကျွန်တော် လေးနှစ်ကြာကစားခဲ့ဖူးပါတယ်။ ကျွန်တော်ရဲ့သွင်းဂိုးနဲ့အတူ ဒါဘီပွဲစဉ်တစ်ခုမှာ အနိုင်ရရှိခဲ့ဖူးပါတယ်။ ဘက်တစ်ပရိသတ်တွေ ကျွန်တော့်ကို သိပ်သဘောမကျလှဘူးဆိုတာ သိပါတယ်။ ကျွန်တော့်အမျိုးသမီးက ဆီဗီးလ်မြို့သူဖြစ်ပြီး ဆီဗီးလ်မြို့မှာပဲ သူနဲ့ကျွန်တော် တွေ့ဆုံခဲ့ပါတယ်။ ကျွန်တော့်ရဲ့သားကြီးဆိုရင် ဆီဗီးလ်မြို့မှာ မွေးဖွားတာပါ။ ကျွန်တော်က ဆီဗီလာအတွက် ကစားပေးခဲ့ဖူးပါတယ်။ ဒါပေမယ့် ဖိုင်နယ်မှာ ကျွန်တော် အနိုင်ရချင်တယ်ဆိုတာကိုတော့ သံသယမရှိလိုက်ပါနဲ့”လို့ ပြောပါတယ်။
ချဲလ်ဆီးနဲ့ ဘက်တစ်တို့ ရင်ဆိုင်ရမယ့် ယူရိုပါကွန်ဖရန့်လိဂ်ဗိုလ်လုပွဲကို မေ ၂၈ ရက်၊ ပိုလန်နိုင်ငံ Stadion Wroclaw မှာ ယှဉ်ပြိုင်ကစားသွားရပါမယ်။ ချဲလ်ဆီးအသင်းဘက်ကတော့ မာရက်စ်ကာရဲ့ အနောက်လန်ဒန်အရပ်၊ အဖွင့်ဘောလုံးရာသီအတွက် မှတ်ကျောက်တစ်ခုအဖြစ် ဒီဗိုလ်လုပွဲကို အသုံးချသွားဖို့ ရည်မှန်းထားသလို ပယ်လီဂရီနီကလည်း ဘက်တစ်အတွက် ဥရောပအဆင့်အောင်ပွဲတစ်ခု ရယူပေးဖို့ မျှော်လင့်ထားလို့ နှစ်သင်းလုံးအတွက် စိတ်လှုပ်ရှားစရာကောင်းတဲ့ လောင်းကြေးတစ်ရပ် ဖြစ်လာပါလိမ့်မယ်။ ဒါဟာ အလုပ်သင်နည်းပြတစ်ဦးက သူ့ရဲ့စွမ်းဆောင်ရည်ကို ဆရာရင်းရှေ့မှောက်မှာ စမ်းသပ်ခံမယ့် ပွဲစဉ်တစ်ခုလည်း ဖြစ်ပါတယ်။