The network connection is lost.

Banner Image

ယူရို-၂၀၂၄ ပြိုင်ပွဲမှ ထွက်ခွာလာရတဲ့ ပေါ်တူဂီအသင်းကို မော်ရင်ဟို ပြစ်တင်ဝေဖန်

နာမည်ကျော်နည်းပြကြီး မော်ရင်ဟိုက ယူရို-၂၀၂၄ ပြိုင်ပွဲမှ ထွက်ခွာလာရတဲ့ ပေါ်တူဂီအသင်းကို ဝေဖန်ပြောဆိုလိုက်ပါတယ်။

ဖီနာဘာချီနည်းပြသစ်က ကွာတားဖိုင်နယ်အဆင့်မှာ ပြင်သစ်ကို ပယ်နယ်တီ အဆုံးအဖြတ်ဖြင့် အရေးနိမ့်ပြီး ပြိုင်ပွဲမှထွက်ခွာလာရတဲ့ ပေါ်တူဂီ လက်ရွေးစင်အသင်းရဲ့စွမ်းဆောင်ရည်ပိုင်းနဲ့ပတ်သက်လို့ မကျေမနပ်ဖြစ်နေခဲ့ပါတယ်။ အခုယူရိုပြိုင်ပွဲကြီးမတိုင်ခင် ခရိုအေးရှားကို ရှုံးနိမ့်ခဲ့တဲ့ ပေါ်တူဂီ အသင်းရဲ့ခြေစမ်းပွဲစဉ်ကိုလည်း တက်ရောက်ကြည့်ရှုအားပေးခဲ့ပြီး အသင်းရဲ့ကွင်းတွင်းခြေစွမ်းပိုင်း အားရစရာမရှိသလို သူ့အတွက်လည်း ခံစားချက်ကောင်းတွေ မရရှိခဲ့ဘူးလို့ အတိအလင်းဝန်ခံခဲ့ဖူးပါတယ်။

Sport TV အစီအစဉ်နဲ့တွေ့ဆုံချိန် မော်ရင်ဟိုက “သူတို့တွေ ပိုလုပ်ပြနိုင်ခဲ့သင့်တယ်လို့ ခံစားမိလိုက်တိုင်း အမြဲတမ်း စိတ်ပျက်မိနေပါလိမ့်မယ်။ ဒီအသင်းရဲ့အလားအလာက အလွန်မြင့်မားတဲ့အဆင့်အတန်းမျိုးမှာ ရှိနေခဲ့တာပါ။ ယူရိုပြိုင်ပွဲကြီးအတွက် ပေါ်တူဂီ၊ ပြင်သစ်နဲ့ အင်္ဂလန်က ရေပန်းအစားဆုံးပဲလို့ ကျွန်တော် ပြောခဲ့တာ သိပ်မကြာသေးပါဘူး။ ဒီအသင်းတွေအနက် အသင်းနှစ်ခုကတော့ ဆီမီးဖိုင်နယ်ရောက်ရှိနေပါပြီ။ စပိန်ကတော့ ကျွန်တော့်အတွက် အကြီးမားဆုံးအံ့အားသင့်စရာပါ။ ဒီအသင်း တိုးတက်လာတဲ့ လမ်းကြောင်းမှာ ပိုပြီးတော့ လက်တွေ့ကျတဲ့ အသင်းသစ်တစ်ခု ဖြစ်လာပါတယ်။

လက်ရှိအခိုက်အတန့်မှာ ကျွန်တော့်အတွက် စပိန်အသင်းက ကစားပုံအကောင်းဆုံး အသင်းဖြစ်သလို ပြိုင်ပွဲတလျှောက် အကောင်းဆုံး ကစားပေးနေတဲ့ အသင်းတစ်ခု ဖြစ်ပါတယ်။ ပေါ်တူဂီကတော့ ကွာတားဖိုင်နယ်တက်ရောက်လာပေမယ့် အရမ်းကောင်းနေတဲ့အသင်းမျိုး မဟုတ်ပါဘူး။ ကျွန်တော်တို့ ဒီထက်ပိုပြီး မျှော်လင့်ခဲ့ပါတယ်။ ပေါ်တူဂီ vs ခရိုအေးရှားတို့ရဲ့ပွဲစဉ်ကို ကြည့်ရှုဖို့ အမျိုးသားအားကစားဘောလုံးကွင်းကြီးဆီ ကျွန်တော် သွားရောက်ခဲ့ဖူးပါတယ်။ အဲ့ဒီပွဲစဉ်မှာ အသင်းရဲ့အခြေအနေ သိပ်မကောင်းခဲ့ပါဘူး။ ကျွန်တော်ကိုယ်တိုင်လည်း ခံစားချက်ကောင်းတစ်ခု မရရှိခဲ့ပါဘူး”လို့ ပြောပါတယ်။

ဆက်လက်ပြီး မော်ရင်ဟိုက ယူရို-၂၀၂၄ ပြိုင်ပွဲအတွင်း ပေါ်တူဂီအသင်းမှာ လုံလောက်တဲ့တိုးတက်မှုမျိုး မတွေ့မိခဲ့ဘူးလို့ ဝေဖန်လိုက်ပါတယ်။ ဒီလိုအခက်အခဲတွေ ဂျာမန်မြေမှာ ကြုံတွေ့ခဲ့ပေမယ့် မော်ရင်ဟိုကတော့ ပေါ်တူဂီအသင်းအတွက် တောက်ပတဲ့အနာဂတ်တစ်ခု ရှိနေသေးတယ်လို့ ယုံကြည်နေပါတယ်။

သူက “ ပြိုင်ပွဲကာလအတွင်း ကျွန်တော်တို့က တိုးတက်မှုတွေ လုပ်ဆောင်ခဲ့တဲ့ အသင်းတစ်ခုဖြစ်ပေမယ့် ဘဝင်ကျလောက်တဲ့အထိတော့ မဟုတ်ပါဘူး။ မကြာခဏဆိုသလို မှန်ကန်တဲ့အခိုက်အတန့်တွေ ရောက်ရှိလာချိန်မှာ ဒီလိုအသင်းမျိုးက ပိုပြီးသန်မာအားကောင်းလာပါတယ်။ ဒါက ပေါ်တူဂီ အသင်းရဲ့အဆုံးသတ်မဟုတ်ခဲ့သလို အသင်းမှာလည်း တိုးတက်မှုတစုံတရာ မရှိခဲ့ပါဘူး။ ဒါပေမယ့် ဒီအသင်းက စီရော်နယ်ဒို၊ ပီပီတို့ကလွဲလို့ လူငယ်တွေနဲ့ဖွဲ့စည်းတည်ဆောက်ထားတဲ့ အသင်းဖြစ်ပါတယ်။ သူတို့နှစ်ဦးလုံးက နှစ်နဲ့ချီပြီး ရှေ့မှာ ကစားခဲ့ဖူးပါတယ်။ တဖက်မှာလည်း ကမ္ဘာ့ဖလားပြိုင်ပွဲကြီးက နီးကပ်လာနေပါပြီ”လို့ ပြောပါတယ်။

အလားတူ မော်ရင်ဟိုက ပြိုင်ပွဲကာလအတွင်း သူ့ကို အကြီးမားဆုံး အံ့အားသင့်စေခဲ့တဲ့အသင်းဟာ တူရကီအသင်းဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ တူရကီက ပေါ်တူဂီနဲ့ရမှတ်တူအနေအထားမျိုးဖြင့် အုပ်စု(F)ရဲ့ဒုတိယနေရာမှာရပ်တည်ခဲ့ပါတယ်။

မွန်တဲလားရဲ့အသင်းက နောက်ဆုံး ၁၆ သင်း ရှုံးထွက်အဆင့်မှာ သြစတြီးယားကို ၂-၁ ဂိုးဖြင့် အနိုင်ယူပြီးနောက် ကွာတားဖိုင်နယ်အဆင့်မှာ နယ်သာလန်ကို ၁-၂ ဂိုးဖြင့် အရေးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခွာလာရပါတယ်။ ဖီနာဘာချီနည်းပြသစ်အဖြစ် ခန့်အပ်ခံခဲ့ရပြီးနောက် မော်ရင်ဟိုက တူရကီအသင်းကို အနီးကပ်စောင့်ကြည့်နေခဲ့ပါတယ်။

မော်ရင်ဟိုက “ပရော်ဖက်ရှင်နယ်ရှုထောင့်မှ အကြောင်းပြချက်နဲ့အတူ ကျွန်တော် တူရကီအသင်းကို စောင့်ကြည့်ဖြစ်ခဲ့ပါတယ်။ တူရကီအသင်း အနိုင်ရရှိသွားချိန်တိုင်း ကျွန်တော့်အတွက် ပြဿနာတစ်ခု ဖြစ်ခဲ့ပြီး ပေါ်တူဂီအသင်း အနိုင်ရရှိချိန်မှာတော့ ပျော်ရွှင်မှုတစ်ခု ဖြစ်ခဲ့ပါတယ်”လို့ ပြောပါတယ်။

ဖီနာဘာချီနည်းပြအဖြစ် မော်ရင်ဟိုအတွက် ပထမဆုံးတရားဝင်ပွဲစဉ်ကတော့ ဇူလိုင် ၂၃ ရက်၊ ချန်ပီယံလိဂ်ခြေစစ်ပွဲ(ဒုတိယအဆင့်) ပထမအကျော့အဖြစ် လူဂါနိုနဲ့ အဝေးကွင်းမှာရင်ဆိုင်ရမယ့်ပွဲစဉ် ဖြစ်လာပါလိမ့်မယ်။