
The network connection is lost.

ဒီနေ့မနက်ပိုင်း၊ စီးရီးအေ ပွဲစဉ်အဖြစ် တိုရီနိုနဲ့ ရိုးမားတို့ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့ပြီးနောက် မော်ရင်ဟိုက ပြိုင်ဘက်အသင်းရဲ့ မာကျောတဲ့စွမ်းဆောင်ရည်ပိုင်းကို ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ ဒါပေမယ့် စပါယ်ရှယ်ဝမ်းက ရိုးမားအသင်း ယှဉ်ပြိုင်ကစားခဲ့ရတဲ့ တိုရီနိုရဲ့ အိမ်ကွင်းအခြေအနေကို ထေ့လုံးငေါ့လုံးဖြင့် ပြစ်တင်ဝေဖန်ကာ ဗီလိန်တစ်ဦးအဖြစ် ရှုမြင်ခံထားရတဲ့ သူ့ရဲ့ပုံရိပ်ကို ထိန်းသိမ်းဖို့ လုပ်ဆောင်ခဲ့ပါတယ်။
မော်ရင်ဟိုရဲ့အသင်းက သုံးပွဲဆက်နိုင်ပွဲရရှိဖို့ အချိန်အနည်းငယ်သာလိုအပ်တော့ချိန် တိုရီနိုအတွက် ဇာပါတာရဲ့ နောက်ကျချေပဂိုးကို ခွင့်ပြုပေးခဲ့ရလို့ ၂၀၂၃-၂၀၂၄ စီးရီးအေရာသီအဖွင့်မှာ နိုင်ပွဲတစ်ပွဲသာ ရှာဖွေနိုင်တဲ့ မှတ်တမ်းကို ဆက်လက်ထိန်းသိမ်းခဲ့ရပါတယ်။
ကိုလံဘီယာတိုက်စစ်မှူးရဲ့တိုက်စစ်ဆင်မှုက ပြီးခဲ့တဲ့ကြာသပတေးနေ့၊ ရှရစ်ကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ သွင်းဂိုးရှာဖွေနိုင်ခဲ့သလို အခုပွဲစဉ်မှာလည်း နောက်ထပ်သွင်းဂိုးရယူကာ ရိုးမားပရိသတ်တွေရဲ့ ဟီးရိုးဖြစ်လာမယ့် လူကာကူရဲ့ အခွင့်အရေးတစ်ရပ်ကို ငြင်းဆန်ပယ်ချလိုက်ပါတယ်။
တိုရီနိုရဲ့ကစားဟန်နဲ့ ရိုးမားရဲ့အခုရာသီသစ် အထလေးမှုတွေဟာ ဒီနေ့မနက်ပိုင်းပွဲစဉ်ကို အကြိတ်အနယ် ဖြစ်စေခဲ့ပါတယ်။ မော်ရင်ဟိုအတွက် ကံမကောင်းစွာနဲ့ဘဲ ရိုးမားက ရလဒ်ပိုင်းအရ ကျဉ်းမြောင်းတဲ့ ဦးဆောင်မှုကို မထိန်းသိမ်းနိုင်ခဲ့ဘဲ တိုရီနိုရဲ့ ပွဲချိန်နှောင်းပိုင်းဖိအားပေးမှုတွေအောက် ပြိုလဲသွားခဲ့ရပါတယ်။ အခုလိုအိမ်ရှင်အသင်းရဲ့ အနိုင်မခံ၊ အရှုံးမပေးမဆုတ်မနစ် ကြိုးစားမှုကို ပေါ်တူဂီလူမျိုးနည်းပြကြီးက ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။
“တိုရီနိုနဲ့ ယှဉ်ပြိုင်ကစားရတာ ခက်ခဲပါတယ်။ အသင်းတိုင်းက ကိုယ်ပိုင်ကစားဟန်အတိုင်း ကစားကြတာပါပဲ။ သူတို့ရဲ့ကြံ့ခိုင်မှုနဲ့ စိတ်ဓါတ်ပိုင်းတွေအရ ဒီပွဲစဉ်က ယှဉ်ပြိုင်ဖို့ ခက်ခဲတဲ့ပွဲစဉ်တစ်ခု ဖြစ်ခဲ့တယ်ဆိုတာ ကောင်းကောင်းအဓိပ္ပါယ်ဖွင့်ဆိုလို့ ရပါတယ်။ ကျွန်တော့်ရဲ့ရှုထောင့်အရလည်း ကျွန်တော်တို့အသင်းဟာ ကောင်းကောင်းကစားနိုင်ခဲ့ပါတယ်။ တိုရီနိုနဲ့ ရင်ဆိုင်ရချိန်မှာ အခွင့်အရေးတွေ ဖန်တီးနိုင်ဖို့ ခက်ခဲပါတယ်။ ဒါကြောင့် တိုရီနိုလိုအသင်းနဲ့ ယှဉ်ပြိုင်ကစားသင့်တဲ့ ပုံစံမျိုးနဲ့ပဲ အရင်ဆုံးကစားရပါမယ်”လို့ မော်ရင်ဟိုက ပြောပါတယ်။
ဒါ့အပြင် ရိုးမားနည်းပြက သူ့ရဲ့စိတ်ပျက်နေမှုတွေအတွက် တရားခံအဖြစ် Olimpico Grande Torino ရဲ့ ဆိုးရွားလှတဲ့ကွင်းအခြေအနေဆီ ပို့ဆောင်လာခဲ့ပါတယ်။
“ရောမမြို့မှာရှိတဲ့ ရိုးမားအိမ်ကွင်းဆိုရင်တော့ ကျွန်တော်အများကြီး ဝေဖန်စရာမရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ရိုးမားအိမ်ကွင်းက catwalk ဖက်ရှင်ရှိုးတစ်ခုတောင် ကျင်းပနိုင်တာကြောင့် ဖြစ်ပါတယ်” လို့ မော်ရင်ဟိုက ဆက်ပြောခဲ့ပါတယ်။