The network connection is lost.

Banner Image

ပီအက်စ်ဂျီကို ရှုံးနိမ့်ခဲ့ပေမယ့် အာဆင်နယ်သာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာအကောင်းဆုံးအသင်းပါလို့ ဖွင့်ဟလာတဲ့ အာတီတာ

စိတ်လှုပ်ရှားမှုတွေနဲ့ပြည့်နှက်နေတဲ့ အာတီတာက ပီအက်စ်ဂျီကိုရှုံးနိမ့်ဖို့ဆိုတာ အာဆင်နယ်အသင်းအတွက် မထိုက်တန်တဲ့အရာလို့ ပြောဆိုရင်း ချန်ပီယံလိဂ်ပြိုင်ပွဲမှထွက်ခွာလာရပြီးနောက် ဂန်းနားကစားသမားတွေ မျက်ရည်ကျခဲ့ကြတယ်လို့ ထုတ်ဖော်ဖွင့်ဟလာပါတယ်။

အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် အာတီတာလက်အောက် ငါးနှစ်ကြာရောက်ရှိနေခဲ့တဲ့ မြောက်လန်ဒန်ကလပ်အသင်းအတွက် နောက်ထပ်ဆုဖလားလက်မဲ့ဘောလုံးရာသီနဲ့ ကြုံတွေ့ရဖို့ သေချာသွားခဲ့ပါတယ်။ အာတီတာက “ ကျွန်တော်မြင်ရသလောက်တော့ ဒီပြိုင်ပွဲမှာ အာဆင်နယ်ထက် ပိုကောင်းတဲ့အသင်း မရှိဘူးဆိုတာ ရာနှုန်းပြည့်သေချာပါတယ်။ ဒါပေမယ့် ကျွန်တော်တို့တွေ ပြိုင်ပွဲမှထွက်ခွာလာရပါပြီ။

နှစ်ကျော့လုံးကို ခွဲခြမ်းစိတ်ဖြာလေ့လာကြည့်မယ်ဆိုရင် အကောင်းဆုံးကစားသမားဖြစ်ခဲ့သူက တစ်ဦးတည်းပါပဲ။ သူတို့အသင်းရဲ့ဂိုးသမားပါ။ ပြီးတော့ ချန်ပီယံလိဂ်ပြိုင်ပွဲဆိုတာ ဂိုးစည်းဧရိယာထဲမှာပဲ အဆုံးအဖြတ်ပေးပါတယ်။ လန်ဒန်မှာဖြစ်ပျက်ခဲ့တဲ့ အရာတွေနဲ့ ဒီနေ့ပွဲစဉ်မိနစ် ၂၀ အပြီးမှာ ဖြစ်လာခဲ့တဲ့အရာတွေကြောင့် သူတို့အတွက် နိုင်ပွဲဖြစ်တည်လာပါတယ်။ ရလဒ်ကတော့ အခုအခြေအနေနဲ့ အလွန်ကွာခြားနေသင့်ပါတယ်။ ဒါကြောင့် ကျွန်တော်ကတော့ အပေါင်းလက္ခဏာဆောင်တဲ့အရာတွေကို ယူဆောင်ပြီး ကိုယ့်ရဲ့အသင်းအတွက် အရမ်းဂုဏ်ယူမိနေပါတယ်။

ဒါပေမယ့် တချိန်တည်းမှာပဲ ဗိုလ်လုပွဲနဲ့ဝေးကွာခဲ့ရလို့ ကျွန်တော် စိတ်ပျက်ဒေါသထွက်မိပါတယ်။ ဒီနေ့မှာဆိုရင်လည်း ကောင်လေးတွေရဲ့မျက်နှာမှာ မျက်ရည်တွေကျနေလို့ သူတို့ ဒီဆုဖလားကို ဘယ်လောက်အထိ လိုချင်နေသလဲဆိုတာ ကျွန်တော်သိခဲ့မြင်ခဲ့ရပါတယ်”လို့ ပြောပါတယ်။

အကောင်းဆုံးအသင်း ရှုံးနိမ့်ခဲ့တာလားလို့ မေးမြန်းမှုကို အာတီတာက “ ဟုတ်ပါတယ်၊ ကျွန်တော်ကတော့ အဲ့ဒီလိုပဲ ထင်ပါတယ်။ အထူးသဖြင့် မိနစ် ၁၈၀ ကြာ ယှဉ်ပြိုင်ပြီးချိန်မှာပေါ့။ ကျွန်တော်ကိုယ်တိုင်လည်း ဒီစကားပြောခဲ့ပါတယ်။ ပီအက်စ်ဂျီအသင်းအရန်ခုံတန်းကလည်း ဒီစကားကို ပြောခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ကိုယ်တိုင် ဒီစကားကို ကျွန်တော့်ဆီ ပြန်ပြောလာကြလို့ပဲ ဖြစ်ပါတယ်”လို့ ဆိုပါတယ်။

ဆက်လက်ပြီး သူက အခုဘောလုံးရာသီ၊ အာဆင်နယ်အသင်းကြုံတွေ့ခဲ့ရတဲ့ ဒဏ်ရာပြဿနာတွေကို ရည်ညွှန်းကာ သုံးသပ်ပြောဆိုခဲ့ပါတယ်။ “ ကြုံတွေ့ခဲ့ရတဲ့ အခြေအနေတွေနဲ့ ဒဏ်ရာပြဿနာတွေကြောင့် ကစားသမားတွေအတွက် အသိအမှတ်ပြုမှုများစွာနဲ့ ထိုက်တန်ပါတယ်။ အထူးသဖြင့် အဲ့ဒီလိုအခြေအနေမျိုးမှာတောင် အခုလိုအဆင့်မျိုးအထိ ရောက်လာနိုင်ခဲ့မှုကိုပေါ့။ မတူညီတဲ့ အကြောင်းအရာတစ်ခုနဲ့ ဒီနေရာအထိ ရောက်ရှိလာပြီး အလုပ်တွေ လုပ်နေတုန်းပါပဲ။ ဒါက အနာဂတ်အတွက် အပေါင်းလက္ခဏာဆောင်တဲ့အရာတွေ အများကြီးပေးလာပေမယ့် ဒီညမှာတော့ ကျွန်တော်ကို အတော်လေးစိတ်ပျက်မိစေပါတယ်”လို့ အာတီတာက ပြောပါတယ်။

ပီအက်စ်ဂျီအရန်ခုံတန်းမှတဆင့် အကောင်းဆုံးအသင်းရှုံးနိမ့်ခဲ့တာပါဆိုတဲ့အသံ ထွက်ပေါ်လာတယ်လို့  အာတီတာရဲ့ပြောကြားမှုနဲ့ပတ်သက်လို့ လူးဝစ်အင်းနရစ်က “ အာတီတာက ကျွန်တော့်အတွက် မိတ်ဆွေကောင်းတစ်ဦးပါ။ ဒါပေမယ့် အရာအားလုံးကိုတော့ ကျွန်တော် သဘောမတူပါဘူး။ နှစ်ကျော့လုံးမှာ ကျွန်တော်တို့အသင်းက သူတို့ထက် ဂိုးတွေ ပိုသွင်းယူခဲ့ပါတယ်။ ဒါကပဲ ဘောလုံးလောကမှာ အရေးအကြီးဆုံးအရာ ဖြစ်ပါတယ်”လို့ တုံ့ပြန်ခဲ့ပါတယ်။ ပီအက်စ်ဂျီက လာမယ့်မေ ၃၁ ရက်၊ မြူးနစ်မြို့မှာ အင်တာမီလန်နဲ့အတူ ချန်ပီယံလိဂ်ဗိုလ်လုပွဲကြီးကို ဆင်နွှဲသွားရပါမယ်။