The network connection is lost.

Banner Image

ကာရာဘောင်ဖလားပြိုင်ပွဲမှထွက်ခွာခဲ့ရတဲ့ နာကျင်မှုကို ပြန်လည်ကုသသွားမယ်လို့ဆိုလာတဲ့ အာတီတာ

ယနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ကာရာဘောင်ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ နယူးကာဆယ်ကို ၂-၀ နဲ့ထပ်မံရှုံးနိမ့်ကာ ၂ ကျော့ပေါင်းရလဒ် ၄-၀ နဲ့ပြိုင်ပွဲကနေထွက်ခွာခဲ့ရပြီးနောက် အာဆင်နယ်နည်းပြ မီခေးလ်အာတီတာက အသင်းဟာ အဆိုပါရှုံးနိမ့်မှုမှနာကျင်မှုကို ပြန်လည်ကုသပြီး အင်အားဖြည့်တင်းသွားရမယ်လို့ ပြောကြားလာခဲ့ပါတယ်။ 

ယခုပွဲစဉ်မှာ နယူးကာဆယ်အတွက်ဂိုးတွေကို ပထမပိုင်းမှာ ယာကော့ဘ်မာဖီနဲ့ ဒုတိယပိုင်းမှာ အန်တိုနီဂေါ်ဒွန်တို့က သွင်းယူပေးခဲ့ပြီး ယခုညမှာယှဉ်ပြိုင်ကစားမယ့် လီဗာပူးနဲ့ တော့တင်ဟမ်တို့ပွဲစဉ်မှ အနိုင်ရတဲ့အသင်းနဲ့ ဗိုလ်လုပွဲမှာ ထိပ်တိုက်တွေ့ဆုံသွားမှာဖြစ်ပါတယ်။ နယူးကာဆယ်အနေနဲ့ ၅၆ နှစ်ကြာဆုဖလားမိုးခေါင်မှုကို ဗိုလ်လုပွဲကျင်းပမယ့် မတ်လ ၁၆ ရက်နေ့မှာ အဆုံးသတ်သွားနိုင်မလား ဆက်လက်စောင့်ကြည့်ရဖို့ရှိပေမယ့် အာဆင်နယ်ကတော့ ပြိုင်ပွဲကနေထွက်ခွာခဲ့ပြီဖြစ်တာကြောင့် အခြားပြိုင်ပွဲတွေအတွက် အင်အားဖြည့်တင်းဖို့ ဒူဘိုင်းသို့ လေ့ကျင်ရေးခရီးစဉ်ထွက်ခွာသွားမှာဖြစ်ပါတယ်။ 

အာတီတာက “ကျွန်တော်တို့ ဒီရှုံးပွဲကို လက်ခံသွားရပါမယ်။ အရမ်းခက်ခဲတဲ့ပွဲစဉ်တစ်ပွဲပါ။ ကျွန်တော်တို့မှာ မျှော်လင့်ချက်ကြီးကြီးမားမားရှိခဲ့ပေမယ့် ပထမအကျော့မှာကတည်းက ပြန်လာဖို့ခက်ခဲတယ်ဆိုတာ သိခဲ့ပါတယ်။ အခုတော့ ကျွန်တော်တို့ပြိုင်ပွဲကနေထွက်ခွာခဲ့ရပါပြီ” “ဒါပေမယ့် ဒီပွဲအပြီးမှာ ကျွန်တော်တို့ဆက်သွားနိုင်ဖို့ အာရုံစိုက်သွားရပါမယ်။ ပထမဆုံးအချက်ကတော့ ဒီပွဲက နာကျင်ရပါတယ်။ ဒူဘိုင်းကိုရောက်တဲ့အချိန်မှာ အင်အားဖြည့်တင်းသွားပါမယ်။ ကျွန်တော်တို့မှာ နောက်ထပ်ပွဲတွေအများကြီးကစားဖို့ကျန်နေပါသေးတယ်” လို့ပြောကြားခဲ့ပါတယ်။ 

ဆက်လက်ပြီး အာတီတာက ယခုနယူးကာဆယ်နဲ့ပွဲစဉ်မှာ တံကောက်ကြောဒဏ်ရာရရှိခဲ့တဲ့ အသင်းရဲ့တောင်ပံကစားသမား ဂါဘရီရယ်မာတင်နယ်လီရဲ့ အခြေအနေကိုလည်း အသိပေးပြောကြားခဲ့ပါတယ်။ မာတင်နယ်လီဟာ ဒဏ်ရာပြဿနာကြောင့် ပထမပိုင်းပြီးဆုံးတဲ့အထိတောင် ကစားခွင့်မရခဲ့ဘဲ ပွဲကစားချိန် ၃၇ မိနစ်မှာပဲ လူစားလဲခံခဲ့ရတာဖြစ်ပါတယ်။ 

အာတီတာက “သူဒဏ်ရာတစ်ခုခုရသွားပါတယ်။ ကျွန်တော်ကတော့ တံကောက်ကြောဒဏ်ရာလို့ထင်ပါတယ်။ သူ့အနေနဲ့ ကစားရတာ သက်တောင့်သက်သာမဖြစ်ခဲ့လို့ လူစားလဲဖို့ဆုံးဖြတ်ခဲ့တာပါ။ မနက်ဖြန်မှာတော့ ဒဏ်ရာကို အသေးစိတ်စစ်ဆေးပြီး တိကျတဲ့အဖြေကိုထုတ်ပြန်သွားပါမယ်” လို့ပြောကြားခဲ့ပါတယ်။