The network connection is lost.

Banner Image

ယူနိုက်တက်နဲ့ ချဲလ်ဆီးတို့ရဲ့ စိတ်ဝင်စားမှုတွေကို ပယ်ချပြီး အစ်ဆွစ်ချ်နဲ့ ဘာကြောင့် သက်တမ်းတိုးခဲ့သလဲဆိုတာ ရှင်းပြလိုက်တဲ့ မက်ကန်နာ

အစ်ဆွစ်ချ်နည်းပြ ကီရန်မက်ကန်နာက သူ့အနေနဲ့ မန်ချက်စတာယူနိုက်တက်နဲ့ ချဲလ်ဆီးတို့လို ပရီးမီးယားလိဂ်ကလပ်အသင်းကြီးတွေရဲ့စိတ်ဝင်စားနေမှုကို လျစ်လျူရှုပြီး ဘာကြောင့် အစ်ဆွစ်ချ်နဲ့ပဲ စာချုပ်သက်တမ်းတိုးခဲ့သလဲဆိုတာ ရှင်းပြလာခဲ့ပါတယ်။

အသက်-၃၈ နှစ်အရွယ် နည်းပြဟာ အစ်ဆွစ်ချ်ကို ၂၂ နှစ်အတွင်း ပရီးမီးယားလိဂ်သို့ ပထမဆုံးအကြိမ် ပြန်လည် ပို့ဆောင်နိုင်ခဲ့တာဖြစ်ပြီး ယခုအခါမှာတော့ ၂၀၂၈ ခုနှစ်ထိ ကာလရှည်စာချုပ်သက်တမ်းတိုးမြှင့်ခဲ့တာဖြစ်ပါတယ်။  မက်ကန်နာဟာ မကြာသေးမီက အသင်းနဲ့အတူ အက်ဖ်အေဖလားကို ဆွတ်ခူးနိုင်ခဲ့သော်လည်း နွေရာသီမှာ ယူနိုက်တက်ကနေ ထုတ်ပယ်ခံရဖွယ်ရှိနေတဲ့ အဲရစ်တန်ဟက်နဲ့ ချဲလ်ဆီးကနေ ထုတ်ပယ်ခံထားရတဲ့ မော်ရီစီယိုပိုချက်တီနိုတို့နေရာတွေမှာ အစားထိုးဝင်ရောက်ဖွယ်ရှိတယ်လို့ သတင်းတွေထွက်ပေါ်ထားတာဖြစ်ပါတယ်။

ယခုအခါမှာတော့ မက်ကန်နာက သူဟာ အခုလို အသင်းကြီးတွေရဲ့ စိတ်ဝင်စားမှုကြောင့် ဂုဏ်ယူမိသော်လည်း အစ်ဆွစ်ချ်နဲ့ပဲ ဘာကြောင့်သက်တမ်းတိုးခဲ့သလဲဆိုတာ ရှင်းပြလာခဲ့ပါတယ်။ အသက်-၃၈ နှစ်အရွယ် မန်နေဂျာက “ကျွန်တော် အသင်းကြီးတွေရဲ့ စိတ်ဝင်စားမှုကို သတိပြုမိပါတယ်။ ဒါက အောင်မြင်မှုတစ်ခုပါပဲ။ ဒီလိုတိုတောင်းတဲ့ နည်းပြဘဝမှာ မှန်ကန်တာကို ရွေးချယ်နိုင်ဖို့လိုပါတယ်။ ဒါကြောင့်ပဲ ကျွန်တော်က မှန်ကန်တဲ့ဆုံးဖြတ်ချက်ကိုပြုလုပ်ခဲ့တာပါ။ အခုလို အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့လို့ ဂုဏ်ယူမိပါတယ်။ ကျွန်တော့်အနေနဲ့ အသင်းနဲ့အတူ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း အတူတူ လုပ်ဆောင်ခဲ့တဲ့အရာတွေကို အရမ်းဂုဏ်ယူပြီး ဒီလို မယုံနိုင်စရာကောင်းတဲ့အသင်းကို ပရီးမီးယားလိဂ်ကိုပို့ဆောင်နိုင်ခဲ့တဲ့အတွက်လည်း ပျော်ရွှင်မိပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ချန်ပီယံရှစ်အမှတ်ပေးဇယားရဲ့ ဒုတိယနေရာမှာရပ်တည်ပြီး ပရီးမီးယားလိဂ်ကို တန်းတက်လာတဲ့ အစ်ပ်ဆွစ်ချ်အနေနဲ့ လာမယ့်ရာသီမှာတော့ ခက်ခဲတဲ့ ပရီးမီးယားလိဂ် ပြိုင်ဘက်တွေကို ရင်ဆိုင်သွားရမှာဖြစ်ပြီး ပြိုင်ပွဲမတိုင်ခင် နွေရာသီမှာတော့ အပြည့်အဝအနားယူသွားမှာဖြစ်ပါတယ်။