The network connection is lost.

Banner Image

ပီအက်စ်ဂျီ သမိုင်းဝင် ချန်ပီယံလိဂ်ဖလားရခဲ့တဲ့အပေါ် ဘာနာကျည်းမှုမှမရှိဘူးလို့ အမ်ဘာပေပြော

ပြင်သစ်အသင်းခေါင်းဆောင် ကီလီယန်အမ်ဘာပေက ရီးရဲလ်မက်ဒရစ်နဲ့ ပူးပေါင်းပြီး တစ်နှစ်အကြာမှာပဲ ပီအက်စ်ဂျီအသင်းက သမိုင်းဝင် ချန်ပီယံလိဂ်ဖလား ရခဲ့တာနဲ့ ပတ်သက်ပြီး နာကျည်းတာမရှိဘူး လို့ ပြောပါတယ်။  အမ်ဘာပေက တနင်္ဂနွေနေ့မှာ ဂျာမနီနဲ့ ကစားမယ့် နေးရှင်းလိဂ် တတိယနေရာလုပွဲ မတိုင်ခင် စတုဂတ်မြို့က သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောခဲ့တာပါ။

ပီအက်စ်ဂျီက မေလ ၃၁ ရက်၊ စနေနေ့ည မြူးနစ်မှာလုပ်ခဲ့တဲ့ ဗိုလ်လုပွဲမှာ အင်တာမီလန်ကို ၅-၀ နဲ့ ပြတ်ပြတ်သားသား အနိုင်ယူပြီး ကလပ်သမိုင်းတစ်လျှောက် ပထမဆုံး ချန်ပီယံလိဂ်ဖလားကို ရယူခဲ့ပါတယ်။ အမ်ဘာပေက"ကျွန်တော် အရမ်းစောစော ထွက်ခဲ့တာ မဟုတ်ဘူး။ ပီအက်စ်ဂျီနဲ့ ကျွန်တော့်ဇာတ်လမ်းက ပြီးသွားပြီ။ ဘာမှ နာကျည်းတာ မရှိဘူး။ လမ်းဆုံးကို ရောက်ခဲ့ပါပြီ။ ကျွန်တော်မရှိဘဲ ပီအက်စ်ဂျီ ချန်ပီယံလိဂ်ဖလားရတာက ကျွန်တော့်ကို ဘာမှ သက်ရောက်မှု မရှိဘူး။ ပျော်ပါတယ်၊ သူတို့ ထိုက်တန်တယ် လို့ ထင်တယ်။ နှစ်ပေါင်းများစွာ သူတို့ ရုန်းကန်ခဲ့ရတာတွေ ရှိတယ်။ ကျွန်တော်လည်း အဲ့ဒီမှာ ရှိခဲ့ဖူးပါတယ်။ အနိုင်ရတဲ့အဆင့်ကလွဲရင် ချန်ပီယံလိဂ်ရဲ့ အဆင့်တိုင်းကို ပဲရစ်မှာ ကျွန်တော် ကစားခဲ့ဖူးတယ်။ သူတို့က ဥရောပရဲ့ အကောင်းဆုံးအသင်းပါ။ ဒီလို ဗိုလ်လုပွဲကြီးမှာ ၅-၀ နဲ့နိုင်တဲ့အသင်းမျိုး ကျွန်တော် မမြင်ဖူးဘူး" လို့ ပြောပါတယ်။

၂၆ နှစ်ရှိပြီဖြစ်တဲ့ အမ်ဘာပေဟာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း ကုန်သွားတဲ့နောက် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့မှာ ရီးရဲလ်မက်ဒရစ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ တရားဝင် ပူးပေါင်းခဲ့တာပါ။