
မန်စီးတီးစတားကို ယူရို ၁၅ သန်းနဲ့ခေါ်ယူနိုင်ခဲ့ပြီဖြစ်တဲ့ ကိုမို
ကိုမိုအသင်းဟာ မန်စီးတီးစတား ပါရိုနီကိုယူရို ၁၅ သန်းနဲ့အပြီးသတ်ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကာ အနာဂတ်မှာ ပြန်လည်ရောင်းချခဲ့ရင် ၃၀% ပေးချေရမယ်ဆိုတဲ့အချက်လည်း ထည့်သွင်းခဲ့ပါတယ်။ စီးတီးဘက်က သောကြာနေ့မှာ အာဂျင်တိုင်းသားထွက်ခွာမှုကို ကြေညာခဲ့ပါတယ်။ ကစားသမားဟာ ကိုမိုအသင်းမှာ အငှားထွက်ကစားနေတာဖြစ်ပြီး စွမ်းဆောင်ရည်ကောင်းပြသနိုင်ခဲ့ပြီးနောက် အီတလီကလပ်ဘက်ကအပြီးသတ်ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ကွင်းလယ်ခံစစ်ကစားသမားကို ကိုမိုအသင်းက ပေါင် ၁၃ သန်းနဲ့ အပြီးသတ်ခေါ်ယူခဲ့တာဖြစ်ပြီး ၂၀၂၉ အထိ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။
စီးတီးဘက်ကတော့ ကိုမိုအသင်းနဲ့စာချုပ်ထဲမှာ ရောင်းချမှုကနေ ၃၀% ပြန်လည်ပေးချေရမယ်ဆိုတဲ့အချက်ကို ထည့်သွင်းခဲ့သလို ပြန်လည်ခေါ်ယူခွင့်လည်းထည့်သွင်းခဲ့ပါတယ်။ ပါရိုနီဟာ ၂၀၂၂ တုန်းက စီးတီးအသင်းထံ ယူရို ၉ သန်းနဲ့ အာဂျင်တီးနားကလပ် ဆာဖီးလ်အသင်းထံကနေ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းက ကိုမိုအသင်းမှာ ပေါင်ဒဏ်ရာကြောင့် အနားယူခဲ့ရပြီး ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ အသက် ၂၂ နှစ်သားဟာ ပြီးခဲ့တဲ့ရာသီတုန်းက ကိုမိုအသင်းအတွက် ၂၆ ပွဲပါဝင်ကစားခဲ့ပြီး ၃ ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။
“စီးတီးနဲ့ ကျွန်တော့်ကြားအချိန်တွေက အဆုံးသတ်ကိုရာက်လာခဲ့ပါပြီ။ ကျွန်တော့်ကိုအားပေးခဲ့ကြတဲ့သူတွေ ၊ လမ်းပြပေးခဲ့ကြတဲ့သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ အခုတော့ စိန်ခေါ်မှုအသစ်တွေရင်ဆိုင်ရတော့မှာပါ။ ဂွါဒီယိုလာ နဲ့ အသင်းဖော်တွေလည်း အနာဂတ်မှာ အောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ်”လို့ အသက် ၂၂ နှစ်သားက နှုတ်ဆက်စကားဆိုခဲ့ပါတယ်။ ပါရိုနီကိုအပြီးသတ်ခေါ်ယူနိုင်ခဲ့ပြီးနောက် ဖာဘရီဂတ်စ်က “ကျွန်တော်တို့မိသားစုကနေ မက်ဆီကို ကြိုဆိုနိုင်ခဲ့ပါပြီ။ ပြီးခဲ့တဲ့ရာသီတုန်းက သူအလျင်အမြန်အထိုင်ကျခဲ့ပါတယ်။ ကျွန်တော်တို့ ဘယ်လိုကစားချင်လဲဆိုတာ သူနားလည်ခဲ့ပါတယ်။ အသင်းမှာလည်း အရေးပါတဲ့ကစားသမားဖြစ်လာခဲ့ပါတယ်”လို့ ဖြေကြားခဲ့ပါတယ်။
လာမယ့်ရာသီသစ်အတွက် ကိုမိုအသင်းဟာ ဈေးကွက်ထဲမျာ လှုပ်ရှားနေပြီး တောင်ပံနေရာအတွက် နီကိုလပ်စ် ၊ တိုက်စစ်အတွက် ဂျေဒန် နဲ့ နောက်ခံလူနေရာအတွက် မာတင်တို့ကိုခေါ်ယူထားခဲ့ပါတယ်။ လာမယ့်ဇူလိုင်လ ၁၈ ရက်နေ့မှာ ကိုမိုအသင်းဟာ လိုင်လီအသင်းနဲ့ ခြေစမ်းပွဲကစားမှာဖြစ်ပါတယ်။