
ဘိုင်ယန်တိုက်စစ်မှူးလေး မာသီစ်တဲလ်ကို အငှားစာချုပ်နဲ့ခေါ်ယူလိုက်နိုင်တဲ့ တော့တင်ဟမ်
တော့တင်ဟမ်အသင်းဟာ ဘွန်ဒက်စ်လီဂါထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ရဲ့ လူငယ်တိုက်စစ်မှူးလေး မာသီတဲလ်စ်ကို ရာသီကုန်အထိ အငှားစာချုပ်နဲ့ခေါ်ယူဖို့ သဘောတူညီမှုရရှိထားပြီး စာချုပ်ပါအချက်အလက်တွေအရ ကစားသမားကို ပေါင် ၄၅.၇ သန်းနဲ့ အပြီးသတ်ဝယ်ယူဖို့လည်း အခွင့်အရေးရသွားမယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့အပတ်က တော့တင်ဟမ်ဟာ မာသီစ်တဲလ်ကိုခေါ်ယူဖို့ ဘိုင်ယန်မြူးနစ်ထံ ပေါင်သန်း ၅၀ နဲ့ကမ်းလှမ်းခဲ့ပေမယ့် ထိုစဉ်ကတော့ ကစားသမားက ကမ်းလှမ်းမှုကို ပယ်ချထားခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီးနဲ့ ယူနိုက်တက်တို့ရဲ့ချဉ်းကပ်မှုတွေရှိနေတာကြောင့် ကစားသမားဟာ တော့တင်ဟမ်ကို ငြင်းပယ်ဖို့ ဆုံးဖြတ်ခဲ့ပုံရပါတယ်။ သို့သော်လည်း ယခုအခါမှာတော့ တော့တင်ဟမ်က ရာသီကုန်အထိ အငှားနဲ့ခေါ်ယူနိုင်ဖို့ သဘောတူညီမှုရခဲ့သလို အပြီးသတ်ဝယ်ယူခွင့်လည်း ရရှိထားပြီဖြစ်ပါတယ်။
တော့တင်ဟမ်အနေနဲ့ မကြာမီမှာပဲ အသင်းသို့ မာသီစ်တဲလ်ရောက်ရှိလာကြောင်းကြေညာသွားဖွယ်ရှိပြီး ပြင်သစ်သားဟာ အသင်းမှာ ကျောနံပါတ် ၁၁ အင်္ကျီကိုဝတ်ဆင်သွားမယ်လို့ သိရပါတယ်။ ဒါကြောင့် ပုံစံကောင်းနဲ့ ရလဒ်ကောင်းတွေရရှိဖို့ ရုန်းကန်နေရတဲ့ တော့တင်ဟမ်အတွက် မာသီစ်တဲလ်ကိုခေါ်ယူလိုက်ခြင်းက ကြီးမားတဲ့ တွန်းအားတစ်ခုဖြစ်လာနိုင်မလား စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။
၂၀၂၂ ခုနှစ်မှာ ပြင်သစ်လီဂူးကလပ် ရန်းနက်စ်မှ ဘိုင်ယန်မြူးနစ်သို့ပြောင်းရွှေ့လာခဲ့တဲ့ တဲလ်ဟာ အသင်းအတွက် စုစုပေါင်း ၈၃ ပွဲကစားပြီး ၆ ဂိုးသွင်းယူပေးထားနိုင်ပါတယ်။ ယခုနှစ်ရာသီကုန်မှာတော့ ကစားသမားအနေနဲ့ ဘိုင်ယန်မြူးနစ်သို့ ပြန်လည်ရောက်ရှိသွားမလား ဒါမှမဟုတ် တော့တင်ဟမ်ကပဲ အပြီးသတ်ခေါ်ယူသွားနိုင်မလား စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။ လာမယ့်ကြာသပတေးနေ့မှာတော့ တော့တင်ဟမ်ဟာ ကာရာဘောင်ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် လီဗာပူးနဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး မာသီစ်တဲလ်အနေနဲ့ အဆိုပါပွဲစဉ်မှာ ပိုစတီကိုဂလူအတွက် ပွဲဦးထွက်စတင်ကစားပေးသွားနိုင်ချေရှိပါတယ်။