
The network connection is lost.

လက်စတာကို ချန်ပီယံရှစ်ဖလား ရရှိအောင်စွမ်းဆောင်ပေးပြီး ပရီးမီးယားလိဂ်သို့ တန်းတက်စေခဲ့တဲ့ အန်ဇိုမာရက်စ်ကာကို ပြီးခဲ့တဲ့ တနင်္လာနေ့မှာ ချဲလ်ဆီးက အသင်းရဲ့နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ကြောင်းကြေညာခဲ့ပြီးနောက် အီတလီသားဟာ စတန်းဖို့ဒ်ဘရစ်ချ်အသင်းရဲ့ တတိယမြောက် တန်ကြေးအမြင့်ဆုံးနည်းပြအဖြစ် မှတ်တမ်းဝင်လာခဲ့ပါတယ်။
ချဲလ်ဆီးအသင်းဟာ သက္ကရာဇ် ၂၀၀၀ ခုနှစ်ကနေစတင်ပြီး နည်းပြတွေကို တစ်ဦးပြီးတစ်ဦး မကြာခဏဆိုသလို ပြောင်းလဲခဲ့တာကြောင့် မာရက်စ်ကာဟာ ၂၄ နှစ်တာကာလအတွင်း ချဲလ်ဆီးရဲ့ ၁၉ ဦးမြောက် နည်းပြဖြစ်လာခဲ့ပါတယ်။ အခုလို မာရက်စ်ကာကို နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ဖို့အတွက် ချဲလ်ဆီးဟာ လက်စတာထံသို့ စာချုပ်ဖျက်သိမ်းကြေးအဖြစ် လျော်ကြေးငွေ ပေါင် ၁၀ သန်းပေးချေခဲ့ရပါတယ်။ ဒါကြောင့် မန်နေဂျာတစ်ယောက်အတွက် ဒီလောက်အထိငွေကြေးသုံးစွဲခဲ့တဲ့ ချဲလ်ဆီးဟာ ၂၀၀၀ ခုနှစ်နောက်ပိုင်း နည်းပြတွေအားလုံးအတွက် အသုံးပြုငွေက ပေါင် ၅၅.၅ သန်းအထိ ရှိခဲ့ပြီဖြစ်ပါတယ်။
လက်ရှိဘောလုံးသမိုင်းတစ်လျှောက် တန်ကြေးအကြီးဆုံးနည်းပြမှာ လိုက်ပ်ဇစ်ကနေ ဘိုင်ယန်မြူးနစ်သို့ ပေါင် ၂၁.၉ သန်းနဲ့ ပြောင်းရွှေ့သွားခဲ့တဲ့ ဂျူလီယန်နာဂယ်စ်မန်းဖြစ်ပြီး ဒုတိယနေရာမှာတော့ ဘရိုက်တန်ကနေ ချဲလ်ဆီးသို့ ပြောင်းရွှေ့ခဲ့တဲ့ ဂရေဟမ်ပေါ်တာက ရပ်တည်နေပါတယ်။
ချဲလ်ဆီးဟာ ဂရေဟမ်ပေါ်တာနဲ့ သူ့ရဲ့အဖွဲ့ဝင်တွေကို ခေါ်ယူနိုင်ဖို့အတွက် ၂၀၂၂ ခုနှစ်စက်တင်ဘာလမှာ ဘရိုက်တန်အသင်းထံ လျော်ကြေးငွေပေါင် ၂၁.၅ သန်းအထိပေးချေခဲ့ရတာဖြစ်ပါတယ်။ ချဲလ်ဆီးသမိုင်းတစ်လျှောက် ဒုတိယတန်ကြေး အမြင့်ဆုံးနည်းပြကတော့ ဘိုအာ့စ်ဖြစ်ပြီး ပေါင် ၁၃.၃ သန်းအထိ သုံးစွဲခဲ့တာဖြစ်ပါတယ်။
၂၀၀၀ ခုနှစ်နောက်ပိုင်း ချဲလ်ဆီးအသင်းမှ ခန့်အပ်ခဲ့တဲ့ တန်ကြေးအကြီးဆုံး မန်နေဂျာစာရင်းထဲမှာတော့
ဂရေဟမ်ပေါ်တာ - ပေါင် ၂၁.၅ သန်း (၂၀၂၂)
ဘိုအာ့စ် - ပေါင် ၁၃.၃ သန်း (၂၀၁၁)
အန်ဇိုမာရက်စ်ကာ - ပေါင် ၁၀ သန်း (၂၀၂၄)
ဆာရီ - ပေါင် ၅ သန်း (၂၀၁၈)
ဖရန့်ခ်လမ်းပတ် - ပေါင် ၄ သန်း (၂၀၁၉)
ဟိုဆေးမော်ရင်ဟို -ပေါင် ၁.၇ သန်း (၂၀၀၄)
တို့ အစဉ်လိုက်ရပ်တည်နေကြပါတယ်။
ချဲလ်ဆီးအနေနဲ့ နည်းပြတွေအတွက် တန်းကြေးကြီးကြီးမားမားသုံးစွဲခဲ့ပေမယ့် ရာနီရေးနီ၊ အေဗရမ်ဂရန့်၊ ဟစ်ဒင့်ခ်၊ ကားလို့ အန်ဆယ်လော့တီ၊ ဘင်နီတက်ဇ်၊ ဒီမတ်တီယို၊ အန်တိနီယိုကွန်တီ၊ သောမတ်စ်တူချယ်နဲ့ ပိုချက်တီနိုတို့ကို ခန့်အပ်ခဲ့ရာမှာတော့ တစ်ပြားတစ်ချပ်မှ ကုန်ကျခဲ့ခြင်းမရှိပါဘူး။ ဒါ့အပြင် ချဲလ်ဆီးဟာ မော်ရင်ဟိုကိုလည်း အသင်းရဲ့နည်းပြအဖြစ် ၂၀၁၃ ကနေ ၂၀၁၅ အထိ နောက်ထပ်တစ်ကြိမ် အလွတ်ပြောင်းရွှေ့ကြေးနဲ့ခန့်အပ်ခဲ့ပါသေးတယ်။
ချဲလ်ဆီးကို ယာယီတာန်ယူကိုင်တွယ်ခဲ့တဲ့ နည်းပြတွေထဲမှာတော့ ရေးဝယ်ကင်းစ်၊ စတိဗ်ဟော်လန်နဲ့ ဘရူနိဆယ်တာတို့ပါဝင်နေပါတယ်။