
အင်္ဂလန်သားကို အလွတ်နဲ့ခေါ်ယူဖို့ စီစဉ်လာတဲ့ ယူနိုက်တက်
သတင်းတွေအရ ယူနိုက်တက်အသင်းဟာ အလွတ်နဲ့ရမယ့် အင်္ဂလန်သားတိုက်စစ်မှူး ကယ်လ်ဗက်လီဝင်ကိုခေါ်ယူဖို့ စီစဉ်လာတယ်လို့ သိရပါတယ်။ အသက် ၂၈ နှစ်သားဟာ အဲဗာတန်နဲ့စာချုပ်သက်တမ်းကုန်ဆုံးခဲ့ပြီဖြစ်တာကြောင့် အခုလအစောပိုင်းတုန်းက အလွတ်နဲ့ထွက်ခွာခဲ့ပြီဖြစ်ပါတယယ်။
ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက ဟွိုက်လန်း နဲ့ ဇီကာဇီးတို့ရှိနေပေမယ့် ရုန်းကန်ခဲ့ရပြီး အခုလည်းတိုက်စစ်ပိုင်းကို ထပ်မံအားဖြည့်ဖို့ ပြင်ဆင်လာခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ ဝုဗ်စတား ကန်ဟာကိုခေါ်ယူထားနိုင်ခဲ့ပြီးဖြစ်ကာ အမ်ဘွီမိုကိုလည်း ဆက်လက်ခေါ်ယူနိုင်ဖို့ လုပ်ဆောင်နေပါတယ်။ ဒါပေမယ့်လည်း ဘရန့်ဖို့ဒ်နဲ့ပြောင်းရွှေ့ကြေးသဘောတူညီမှုရယူနိုင်ဖို့ ရုန်းကန်နေရဆဲဖြစ်ပါတယ်။ လာမယ့်ရာသီဥရောပဝင်ခွင့်မရတာက ကယ်လ်ဗက်လီဝင်ကို ဆွဲဆောင်နိုင်ဖို့ ခက်ခဲစေနိုင်ပါတယ်။
The Sun သတင်းဌာနရဲ့အဆိုအရ ယူနိုက်တက်ဟာ ကယ်လ်ဗက်လီဝင်ကိုခေါ်ယူနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ ကယ်လ်ဗက်လီဝင်ဟာ ၂၀၁၆ တုန်းက အဲဗာတန်ကို ရှက်ဖီးလ်ထံကနေ ပြောင်းလာခဲ့တာဖြစ်ပြီး အသင်းအတွက် ၂၇၄ ပွဲမှာ ၇၁ ဂိုးအထိသွင်းယူပေးနိုင်ခဲ့သလို အဓိကကစားသမားတစ်ဦးဖြစ်ခဲ့တာဖြစ်ပါတယ်။ အဲဗာတန်ကနေထွက်ခွာချိန်မှာ ကယ်လ်ဗက်လီဝင်တစ်ယောက် အဲဗာတန်ပရိသတ်တွေထံ ဝမ်းနည်းဖွယ်မက်ဆေ့ချ်ပေးပို့ခဲ့ပါတယ်။
“အဲဗာတန်အသသင်း နဲ့ ပရိသတ်တွေရေ ဒီအသင်းမှာ ၉ နှစ်တာကာလအတွင်းမမေ့နိုင်စရာအခိုက်အတန့်တွေရှိခဲ့သလို ကျွန်တော့်မိသားစုနဲ့အတူ ဒီဆုံးဖြတ်ချက်ကိုချဖို့အတွက် အရမ်းခက်ခဲခဲ့ပါတယ်။ အခုတော့ စိန်ခေါ်မှုအသစ်တွေစတင်ရပါတော့မယ်။ ဒါက ကျွန်တော် အသာလေးရွေးချယ်ခဲ့တာမျိုးမဟုတ်ပါဘူး။ အသက် ၁၉ နှစ်ကတည်းက ဒီမှာရှိနေခဲ့သလို အဲဗာတန်က ကျွန်တော့်အိမ်ဖြစ်ခဲ့တာပါ။ ဒီအသင်းက ကျွန်တော့်ကို ဘောလုံးသမားတစ်ဦးကော လူသားတစ်ဦးအနေနဲ့ပါ တိုးတက်လာစေခဲ့ပါတယ်။ ကျွန်တော်နဲ့အတူ အလုပ်အတူတူလုပ်ခဲ့တဲ့နည်းပြတွေ ၊ အသင်းဖော်တွေ နဲ့ သူငယ်ချင်းတွေကိုလည်း ကျေးဇူးတင်ချင်ပါတယ်”လို့ ကယ်လ်ဗက်လီဝင်က ပြောကြားခဲ့ပါတယ်။