ယူအီးအက်ဖ်အေရဲ့ အစီရင်ခံစာအရ ကမ္ဘာ့တန်ဖိုးအကြီးဆုံးအသင်းဖြစ်နေတဲ့ ယူနိုက်တက်
အန်တိုနီနှင့် ဆန်ချိုတို့ကို ခေါ်ယူခဲ့ခြင်းကြောင့် ယူနိုက်တက်ဟာ ဈေးအကြီးဆုံး ကစားသမားစာရင်းကို ပိုင်ဆိုင်ထားတဲ့ အသင်းဖြစ်နေကြောင်း ယူအီအက်ဖ်အေရဲ့ အစီရင်ခံစာသစ်အရ သိရှိရပါတယ်။
European Club Finances and Investment Landscape မှ ကောက်ယူထားတဲ့ အဆိုပါ အစီရင်ခံစာမှာ တန်ဟက်ရဲ့ အသင်းဟာ ၂၀၂၃ ဘဏ္ဍာရေးနှစ်အကုန်တွင် ပေါင် ၁.၂၁ ဘီလီယံ (ဒေါ်လာ ၁.၅၂ ဘီလီယံ) တန်ကြေးရှိမယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒါဟာ မှန်းခြေ ပေါင် ၁.၁၃ ဘီလီယံ (ဒေါ်လာ ၁.၄၂ သန်း) တန်ကြေးဖြင့် ရီးရဲလ်မက်ဒရစ်ရဲ့ ၂၀၂၀ ခုနှစ်နောက်ပိုင်း စံချိန်ကို ချိုးဖျက်လိုက်ခြင်းဖြစ်ပါတယ်။
အန်တိုနီ နှင့် ဆန်ချိုတို့ရဲ့ ခေါ်ယူမှုတွေဟာ ၂၀၂၃ ခုနှစ်အတွက် များစွာ အထောက်အကူ ပြုခဲ့ပါတယ်။ ဘရာဇီးသားဟာ ၂၀၂၂ ခုနှစ်မှာ ပေါင် ၈၂ သန်း (ဒေါ်လာ ၁၀၃ သန်း) နဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး အင်္ဂလန်တောင်ပံကစားသမားကို ပေါင် ၇၃ သန်း (ဒေါ်လာ ၉၂ သန်း) နှင့်ခေါ်ယူခဲ့သော်လည်း လက်ရှိအချိန်မှာတော့ အသင်းဟောင်းဒေါ့မွန်သို့ ပြန်လည်အငှားချထားတာဖြစ်ပါတယ်။
အခြားကုန်ကျစရိတ်တွေကတော့ ၂၀၁၉ ခုနှစ်တွင် စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း ၈၀ (ဒေါ်လာ သန်း ၁၀၀)ဖြင့် ခေါ်ယူခဲ့တဲ့ မက်ဂွါရီနှင့် ၂၀၂၂ ခုနှစ်တွင် ပေါင်သန်း ၇၀ (ဒေါ်လာ ၈၈ သန်း) ဖြင့်ခေါ်ယူခဲ့တဲ့ ဝါရင့်ကွင်းလယ်ကစားသမား ကက်စ်မဲရိုးတို့ပဲဖြစ်ပါတယ်။ ယူနိုက်တက်ရဲ့ ကွင်းအတွင်း ကံကြမ္မာကို ကြည့်လိုက်တဲ့အခါ ကိန်းဂဏန်းတွေအရ စိတ်ပျက်စရာဖြစ်နေပြီး ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတွေမှာ စိန်ခေါ်နိုင်ဖို့ အများကြီးလိုနေသေးတာဖြစ်ပါတယ်။
သို့သော်လည်း အဆိုပါအစီရင်ခံစာဟာ ၂၀၂၃ ဘဏ္ဍာရေးနှစ်ပြီးနောက် ယူနိုက်တက်ရဲ့အသုံးစရိတ်များကို ထည့်သွင်းတွက်ချက်ထားခြင်းမရှိပါဘူး။ ဒါကြောင့် ပေါင် ၇၂ သန်း (ဒေါ်လာ သန်း ၉၀ ) တန်ကြေးရှိ ဟွိုက်လန်း၊ ပေါင် ၅၅ သန်း (ဒေါ်လာ ၆၉ သန်း) တန် မေဆန်မောင့် နှင့် ပေါင် ၄၇ သန်း (ဒေါ်လာ ၅၉ သန်း) တန်ကြေး အိုနာနာတို့ အားလုံးတော့ ပါဝင်ခဲ့ခြင်းမရှိပါဘူး။
ယူအီးအက်ဖ်အေရဲ့ အစီရင်ခံစာအရ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ပြိုင်ဘက် မန်စီးတီး၊ ချဲလ်ဆီးနှင့် ဥရောပဘီလူးကြီးဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်တို့နှင့်အတူ ၂၀၂၃ ခုနှစ်အတွက် ကစားသမားတန်ဖိုး ပေါင် ၁ ဘီလီယံ (ဒေါ်လာ ၁.၂၆ ဘီလီယံ) ဖြင့် ထိပ်ဆုံးမှာ ရှိနေကြောင်း ယူအီးအက်ဖ်အေရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ တော့ဘိုလီရဲ့ ချဲလ်ဆီးဟာ ကစားသမားရောင်းချမှုကို ပိတ်ဆို့ထားပါက လာမယ့်ရာသီမှာ နောက်ထပ်ပေါင်သန်း ၃၅၀ (ဒေါ်လာ ၄၃၉ သန်း) အထိ သုံးစွဲနိုင်ကြောင်း မကြာသေးမီက ပြောကြားထားပါတယ်။