
ဘရန့်ဖို့ဒ်စတားကိုခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်တဲ့ ယူနိုက်တက်
ရက်သတ္တပတ်ပေါင်းများစွာညှိနှိုင်းခဲ့ပြီးနောက် ဘရန့်ဖို့ဒ်စတား အမ်ဘွီမိုကို ပေါင် ၇၁ သန်းနဲ့ ခေါ်ယူနိုင်ဖို့ ဘရန့်ဖို့ဒ်နဲ့သဘောတူညီမှုရရှိခဲ့ပြီလို့ သိရပါတယ်။ ကင်မရွန်းသားကလည်း ယူနိုက်တက်ထံပြောင်းရွှေ့ချင်နေပြီး အခုချိန်မှာတော့ ယူနိုက်တက်ရဲ့တတိယမြောက်ခေါ်ယူမှုဖြစ်လာတော့မှာဖြစ်ပါတယ်။ ၂ သင်းကြား ပေါင် ၇၁ သန်းနဲ့သဘောတူညီမှုရခဲ့တာဖြစ်ပြီး ကနဦးပေါင် ၆၅ သန်း + အပိုဆုကြေးပေါင် ၆ သန်းပေးချေရမှာဖြစ်တယ်လို့ အက်သလက်တစ်သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
နောက်ထပ်သတင်းတွေအရ အပြောင်းအရွှေ့က အပြီးသတ်ခဲ့ပြီဖြစ်ကာ အခြားအသင်းတွေက စိတ်ဝင်စားခဲ့ပေမယ့် ကစားသမားကိုယ်တိုင်က ယူနိုက်တက်ကိုသာ ပြောင်းချင်ခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ကန်ဟာ နဲ့ လန်နွန်တို့ကိုခေါ်ယူထားနိုင်ခဲ့ပြီး အမ်ဘွီမိုက တတိယမြောက်ခေါ်ယူမှုဖြစ်လာမှာဖြစ်ပါတယ်။ အမ်ဘွီမိုရောက်လာတာကြောင့် ယူနိုက်တက်တိုက်စစ်က ပိုကောင်းလာဖွယ်ရှိနေပြီး ပြီးခဲ့တဲ့ရာသီတုန်းက အမ်ဘွီမိုဟာ ဘရန့်ဖို့ဒ်အတွက် လိဂ် ၃၈ ပွဲမျာ ၂၀ ဂိုးသွင်း ၊ ၈ ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။
အဆိုပါစွမ်းဆောင်ရည်ကြောင့် ယူနိုက်တက်အပါအဝင် အသင်းကြီးတော်တော်များများက စိတ်ဝင်စားခဲ့ကြတာဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ကနဦး ၂ ကြိမ်ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံခဲ့ရပြီး အခုနောက်ဆုံးမှာမှ သဘောတူညီမှုရရှိခဲ့တာဖြစ်ပါတယ်။ အသက် ၂၆ နှစ်သားဟာ ပျားအသင်းအတွက် ၂၄၂ ပွဲအထိ ပါဝင်ကစားခဲ့ကာ ၇၀ ဂိုးသွင်း ၊ ၅၁ ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။
အမ်ဘွီမိုမရှိတော့တာကြောင့် ဘရန့်ဖို့ဒ်ဘက်က ဝီဆာအတွက် ကမ်းလှမ်းမှုတွေကို ပယ်ချထားပြီး ဆက်ထိန်းထားချင်နေပါတယ်။ ယူနိုက်တက်ဘက်က အမ်ဘွီမိုအပြောင်းအရွှေ့အပြီးသတ်ဖို့ ပုဂ္ဂိုလ်ရေးအပြင် ဆေးစစ်မှုတွေပါလုပ်ဆောင်ဖို့ ပြင်ဆင်နေပါတယ်။ အသင်းအနေနဲ့လည်း ကစားသမားတွေရောင်းထုတ်ပြီး ဘဏ္ဍာရေးအခြေအနေမျှတအောင်လုပ်ဆောင်ရဖို့ရှိနေပါတယ်။ အမ်ဘွီမိုရဲ့နေရာစုံကစားနိုင်တာက အာမိုရင်အတွက် လာမယ့်ရာသီမှာ အားတစ်ရပ်ဖြစ်လာဖွယ်ရှိနေပါတယ်။