ပီအက်စ်ဂျီဘယ်နောက်ခံလူ မန်ဒက်စ်ကိုခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ ယူနိုက်တက်
မန်ချက်စတာယူနိုက်တက်ဟာ အသင်းရဲ့ဘယ်နောက်ခံနေရာ လိုအပ်ချက်ကို လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့မှာ ဖြည့်ဆည်းနိုင်ဖို့ရည်ရွယ်နေပြီး ယခုအခါမှာတော့ ပီအက်စ်ဂျီကနေ ထွက်ခွာဖို့အလားအလာများနေတဲ့ နူနိုမန်ဒက်စ်ကို ပစ်မှတ်ထားနေတယ်လို့သိရပါတယ်။
လက်ရှိယူနိုက်တက်ရဲ့ ဘယ်နောက်ခံကစားသမားတွေဖြစ်တဲ့ လုခ်ရှောနဲ့ တိုင်ယဲလ်မာလာစီယာတို့ဟာ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရပြီး ကြံ့ခိုင်မှုပြည့်ဝခြင်းမရှိတာကြောင့် အသင်းရဲ့လူစာရင်းမှာ ပါဝင်ကစားခွင့်မရလို့ ဒီယေဂိုဒါလော့က အဆိုပါနေရာမှာ လာရောက်ကစားနေရပါတယ်။ သို့သော် ဒါလော့ကလည်း ဘယ်နောက်ခံနေရာမှာ ခြေစွမ်းပြဖို့ ရုန်းကန်နေရတာကြောင့် နည်းပြရူဘင်အာမိုရင်အနေနဲ့ အဆိုပါပြဿနာကိုဖြေရှင်းနိုင်ဖို့ အာရုံစိုက်နေပုံရပါတယ်။
သတင်းတွေအရ ယူနိုက်တက်ဟာ မန်ဒက်စ်ကိုခေါ်ယူဖို့အတွက် ပီအက်စ်ဂျီထံ ကမ်းလှမ်းမှုပြုလုပ်ထားပြီး ပြင်သစ်ချန်ပီယံတွေအနေနဲ့လည်း ကမ်းလှမ်းချက်ကိုသဘောတူဖို့ အလားအလာများနေတယ်လို့ သိရပါတယ်။ ပြင်သစ်သားအနေနဲ့လည်း ပီအက်စ်ဂျီမှာပျော်ရွှင်ခြင်းမရှိတာကြောင့် အိုးလ်ထရက်ဖို့ဒ်သို့ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနိုင်တဲ့အခြေအနေမှာရှိနေပါတယ်။
မန်ဒက်စ်ဟာ ပီအက်စ်ဂျီနဲ့ ၂၀၂၆ ခုနှစ်အထိ စာချုပ်သက်တမ်းကျန်ရှိနေသေးပေမယ့် အသင်းမှာရရှိနေတဲ့ လစာပမာဏကို ကျေနပ်ခြင်းမရှိတာကြောင့် စာချုပ်သစ်ကမ်းလှမ်းလာပါကလည်း ငြင်းဆိုသွားဖို့သာ အသင့်ရှိနေတယ်လို့သိရပါတယ်။ အသက်-၂၂ နှစ်အရွယ်နောက်ခံလူဟာ ပီအက်စ်ဂျီကနေ ထွက်ခွာလိုနေပေမယ့် ဈေးပေါပေါနဲ့ ထွက်ခွာမှာမဟုတ်လို့ ယူနိုက်တက်တက်အနေနဲ့ ကစားသမားအတွက် သင့်တင့်တဲ့ ပမာဏအသုံးပြုသွားရဖွယ်ရှိပါတယ်။
နွေရာသီအပြောင်းအရွှေ့ကာလအပြီးမှာ ဘဏ္ဍာရေးနဲ့သက်ဆိုင်တဲ့ ပြဿနာတွေကြုံတွေ့နေရတဲ့ ယူနိုက်တက်အနေနဲ့ မန်ဒက်စ်ကိုခေါ်ယူဖို့ ဘယ်လိုဘယ်ပုံကြိုးစားလာမလဲ စောင့်ကြည့်သွားရပါမယ်။