The network connection is lost.

Banner Image

ပရီးမီးယားလိဂ်မှာ ရုန်းကန်နေရတဲ့ ဆက်စ်ကိုနဲ့ ဝစ်ဇ်တို့ကို အကြံဉာဏ်ပေးလာတဲ့ ဘာဘာတော့ဗ်

မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟောင်း ဒီမီတာဘာဘာတော့ဗ်က ပြီးခဲ့တဲ့နွေရာသီက  ဘွန်ဒက်စ်လီဂါလိဂ်မှ  ပြောင်းရွှေ့လာခဲ့ကြပြီး ပရီးမီးယားလိဂ်ပွဲဦးထွက်ရာသီမှာ ရုန်းကန်နေရတဲ့ ယူနိုက်တက်တိုက်စစ်မှူးသစ်ဘင်ဂျမင်ဆက်စ်ကိုနဲ့ လီဗာပူးကွင်းလယ်လူသစ် ဖလော်ရီယန်ဝစ်ဇ်တို့ကို လိဂ်မှာလျင်လျင်မြန်မြန်အသားကျစေဖို့ အကြံဉာဏ်ပေးလာခဲ့ပါတယ်။ 

ယူနိုက်တက်ဟာ ဆက်စ်ကိုကိုခေါ်ယူဖို့အတွက် လိုက်ပ်ဇစ်ထံပြောင်းရွှေ့ကြေး ပေါင် ၇၄ သန်းအထိပေးချေခဲ့ရသလို၊ လီဗာပူးကလည်း ဝစ်ဇ်အတွက် လေဗာကူဆင်ထံ ပေါင် ၁၁၆ သန်းအထိ ပေးချေခဲ့ရတာဖြစ်ပါတယ်။ သို့သော်လည်း ယခုရာသီအတွင်း ဆက်စ်ကိုဟာ ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ ၁၀ ပွဲကစားပြီးချိန်မှာ ၂ ဂိုးသွင်း၊ ၁ ဂိုးဖန်တီးထားပြီး၊ ဝစ်ဇ်ကလည်း ၁၃ ပွဲမှာ ဂိုးဖန်တီးမှု ၃ ကြိမ်သာပြုလုပ်ပြီး ဂိုးမသွင်းနိုင်သေးပါဘူး။ 

ဒါကြောင့် ကစားသမား ၂ ဦစလုံးဟာ အသင်းတွေမှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရပြီး လူစားဝင်ကစားသမားတွေအဖြစ်သာ မကြာခဏပါဝင်နေရပါတယ်။ ယခုအခါမှာတော့ ဘွန်ဒက်စ်လီဂါမှ ပရီးမီးယားလိဂ်သို့ပြောင်းရွှေ့လာခဲ့ပြီး ယူနိုက်တက်မှာခြေစွမ်းပြသခဲ့တဲ့ ဘာဘာတော့ဗ်က အဆိုပါကစားသမား ၂ ဦးစလုံးကို အကြံဉာဏ်ကောင်းတွေမျှဝေလာခဲ့ပါတယ်။ 

ဘာဘာတော့ဗ်က "ပထမဆုံးအချက်က ကိုယ့်အသင်းဖော်တွေအကြောင်းကို သိနေဖို့ပါပဲ။ သူတို့နဲ့စကားပြောပြီး သူတို့အကြောင်းကိုသိအောင်လုပ်ရပါမယ်။ ဆက်စ်ကိုက လူကောင်ထွားပြီး သန်မာလျင်မြန်တဲ့တိုက်စစ်မှူးပါ။ ဘောလုံးကိုင်ထားနိုင်ပြီး လိုက်ပ်ဇစ်မှာတုန်းက သူ့ရဲ့ဘယ်ခြေ၊ ညာခြေနဲ့ ခေါင်းတိုက်ဂိုးတွေက မယုံနိုင်လောက်အောင်ကောင်းခဲ့ပါတယ်။ သူ့မှာ အရမ်းကောင်းတဲ့အရည်အသွေးရှိတယ်လို့ထင်ပါတယ်။ 

ဆက်လက်ပြီး ယူနိုက်တက်အတွက် ၁၄၉ ပွဲအထိကစားခဲ့တဲ့ ဘူလ်ဂေးရီးယားလက်ရွေးစင်ဟောင်းက "ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိပါ။ အသင်းဖော်တွေဆီကနေ ဘောလုံးတောင်းပါ။ ကိုယ်ဘောလုံးတောင်းပြီး ပြေးနေတဲ့အချိန်မှာ ဘောလုံးမရရင် စိတ်ပျက်တဲ့အကြောင်းဖော်ပြပါ။ အသင်းဖော်တွေနားလည်လာပါလိမ့်မယ်။ ကိုယ်က အသင်းအတွက်ပြေးနေတာဖြစ်တဲ့အကြောင်းနဲ့ ကိုယ်ရဲ့ကြိုးစားအားထုတ်မှု ကို လေးစားမှုရှိဖို့ အသင်းဖော်တွေကို အသိပေးရပါမယ်။ အချိန်တိုင်းမှာတော့ ဒီလိုမလုပ်ဖို့လိုပါတယ်" လို့ ပြောကြားခဲ့ပါတယ်။ 

လီဗာပူးကွင်းလယ်လူ ဝစ်ဇ်နဲ့ပတ်သက်ပြီးတော့လည်း ဘာဘာတော့ဗ်က "ကျွန်တော်သူ့ကိုသဘောကျပါတယ်။ သူက အရမ်းတော်တဲ့ကစားသမားတစ်ယောက်ပါ။ မကြာခင်မှာပဲ လီဗာပူးမှာတောက်ပလာပါလိမ့်မယ်။ ကျွန်တော်ပြောတာယုံပါ။ ကျွန်တော့်တုန်းကလည်း ဒီလိုသံသယတွေနဲ့ကြုံတွေ့ခဲ့ရတာပါပဲ။ ကျွန်တော် လေဗာကူဆင်ကိုစရောက်တုန်းက ခြေစွမ်းသိပ်မကောင်းခဲ့ပါဘူး။ ဒါကြောင့် စိတ်ရှည်ရှည်ထားပြီး အချိန်အခါကို စောင့်ခဲ့ရပါတယ်"

"ပြီးတော့ တော့တင်ဟမ်ကိုစရောက်ချိန်မှာလည်း ပတ်ဝန်းကျင်အသစ်၊ လူအသစ်၊ ဘာသာစကားအသစ်တွေနဲ့ အရာရာတိုင်းက အသစ်ဖြစ်နေပါတယ်။ ဒါတွေကိုအသားကျဖို့ ကျွန်တော်အချိန်အကြာကြီးပေးခဲ့ရပါတယ်။ တစ်ခါတလေမှာ ငါပြန်သွားရင်ကောင်းမလားဆိုတဲ့ အနုတ်သဘောဆောင်တဲ့အတွေးတွေလည်း ဝင်ခဲ့မိပါတယ်"

"ဒါပေမယ့် တစ်ချိန်တည်းမှာပဲ တခြားတစ်ဘက်မှာတော့ လေဗာကူဆင်မှာ ဘယ်လိုကျော်ဖြတ်နိုင်ခဲ့တယ်ဆိုတာ ပြန်တွေးမိပြီး စိတ်ရှည်ရှည်နဲ့ပဲ အချိန်အခါကိုစောင့်ဆိုင်းခဲ့ပါတယ်။ကိုယ်လုပ်နေဖို့က အလုပ်ကြိုးစားနေဖို့ပါပဲ။ ဒီလိုပုံမှန်အတိုင်းဆက်သွားပြီး စိတ်ရှည်မယ်ဆိုရင် ကိုယ်ဖြစ်ချင်တာဖြစ်လာပါလိမ့်မယ်" လို့ပြောကြားခဲ့ပါတယ်။

ဘာဘာတော့ဗ်ဟာ လေဗာကူဆင်မှာ ၁၅၄ ပွဲအထိကစားခဲ့ပြီး ၆၉ ဂိုးအထိသွင်းယူနိုင်ခဲ့သူဖြစ်ပါတယ်။ ဆက်လက်ပြီး တိုက်စစ်မှူးဟောင်းက ဝစ်ဇ်ဟာ လီဗာပူးအတွက် အလွန်အရေးပါတဲ့ကစားသမားဖြစ်လာနိုင်ကြောင်းကို "ဝစ်ဇ်ရဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံက ပရီးမီးယားလိဂ်မှာ ပွဲတိုးနိုင်ဖို့ ခက်ခဲနိုင်တယ်လို့ ယူဆသူတွေရှိပါတယ်။ ဒါပေမယ့် လူကာမိုဒရစ်ကိုကြည့်ပါ။ သူဘယ်လိုကစားခဲ့သလဲ။ ဘယ်လိုတွေကျော်ဖြတ်ပြီး ကမ္ဘာ့အကောင်းဆုံးကစားသမားဆုကိုရယူနိုင်ခဲ့လဲ။ ဒါကြောင့် ကျွန်တော်ကတော့ ဝစ်ဇ်က လီဗာပူးမှာ မယုံနိုင်စရာကစားသမားတစ်ယောက်ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။