
ဂျူဗင်တပ်စ်နဲ့ရင်ဆိုင်ရမယ့် အရေးကြီးပွဲစဉ်အတွက် အချက်တစ်ခုကို မဖြစ်မနေထည့်သွင်းစဉ်းစားထားတဲ့ ပက်ဂွါဒီယိုလာ
ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ၊ အရေးကြီးအုပ်စုအပိတ်ပွဲစဉ်အဖြစ် ဂျူဗင်တပ်စ်နဲ့ရင်ဆိုင်ကစားချိန်မှာ မန်စီးတီးကစားသမားတွေ အပူဒဏ်ခံစားရလိမ့်မယ်လို့ ပက်ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။ ဒီပွဲစဉ်ကို နေ့အပူချိန် ၃၂ ဒီဂရီစင်တီဂရိတ်အထိ ရှိနိုင်တဲ့ ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီမှာ ယှဉ်ပြိုင်ကစားဖို့ စီစဉ်ထားပါတယ်။
မန်စီးတီးက အယ်လ်အိန်းနဲ့ပွဲစဉ်ကို အတ္တလန်တာမြို့ရှိ လေအေးပေးစက်တပ်ဆင်ထားတဲ့ Mercedes-Benz ကွင်းကြီးမှာ ယှဉ်ပြိုင်ကစားခဲ့ပေမယ့် အော်လန်ဒိုမှာကြုံတွေ့ရမယ့် အခြေအနေကတော့ သူတို့အတွက် အတော်လေးကွဲပြားခြားနားနေပါလိမ့်မယ်။
ဗုဒ္ဓဟူးနေ့သတင်းစာရှင်းလင်းပွဲအတွင်း ပက်ဂွါဒီယိုလာက “ အပူရှိန်ကြီးကတော့ သိသာလွန်းပါတယ်။ ဒါကို ကျွန်တော်တို့ မပြောင်းလဲနိုင်ပါဘူး။ အတ္တလန်တာကွင်းမှာကစားရတာ ပိုကောင်းပါတယ်။ တကယ်ကို ကောင်းတာပါ။ အသင်းအားလုံးလည်း အပူချိန်နဲ့ပတ်သက်ပြီး ကိုင်တွယ်ဖြေရှင်းသွားဖို့ လိုအပ်ပါတယ်။ နောက်လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားအတွက်လည်း ပရိသတ်တွေကိုယ်တိုင် သိရှိသွားတာပေါ့။ အပူဒဏ်ကို ခံစားနိုင်ဖို့အတွက် အဆင်သင့်ရှိနေရပါမယ်။ ရာသီဥတုအခြေအနေက အတော်လေးကြမ်းတမ်းလွန်းလို့ ရေသန့်ဗူးတွေ၊ ဦးထုပ်တွေ၊ တဘက်ပဝါတွေ အများကြီးယူဆောင်လာဖို့ ပရိသတ်တွေဆီ ကျွန်တော်အကြံပြုချင်ပါတယ်”လို့ ပြောပါတယ်။
အခုအချိန်အထိ ပက်ဂွါဒီယိုလာက ဝိုင်ဒက်၊ အယ်လ်အိန်းတို့နဲ့ရင်ဆိုင်ရတဲ့ပွဲစဉ်တွေမှာ မတူညီတဲ့ပွဲထွက်လူစာရင်းပိုင်းကို အသုံးပြုသွားခဲ့ပါတယ်။ မန်စီးတီးအတွက် အုပ်စုတွင်းအခက်ခဲဆုံးပြိုင်ဘက်မှာ ဂျူဗင်တပ်စ်ဖြစ်လာခဲ့ပြီး အခုပွဲစဉ်ကို အနိုင်ရရှိမှသာ ရှုံးထွက်အဆင့်မှာ ရီးရဲလ်မက်ဒရစ်ကို ရှောင်လွှဲသွားနိုင်ဖွယ် ရှိပါတယ်။ အခုလိုအခြေအနေမျိုးရှိနေပေမယ့် ပက်ဂွါဒီယိုလာကတော့ ပွဲထွက်လူစာရင်းပိုင်းရွေးချယ်ချိန် အပူချိန်ကိုလည်း ထည့်သွင်းစဉ်းစားပေးရလိမ့်မယ်လို့ ရှင်းပြခဲ့ပါတယ်။
သူက “ ကစားသမားသစ်တွေကို နောက်ပွဲစဉ်မှာဖြစ်ဖြစ်၊ ဒုတိယပိုင်းပွဲချိန်မှာဖြစ်ဖြစ် ထည့်သွင်းအသုံးပြုရပါလိမ့်မယ်။ အသင်းလူစာရင်းပိုင်းရွေးချယ်မှုအတွက် စိတ်ထဲမှာတော့ ပြင်ဆင်ပြီးပါပြီ။ ဒီလိုအခြေအနေမျိုးအောက်မှာတော့ ကျွန်တော်တို့တွေ မိနစ် ၉၀ ပြည့်ကစားဖို့ဆိုတာ အဆင်သင့်မဖြစ်သေးပါဘူး။ ပထမပိုင်းပွဲချိန်ပြီးဆုံးရင် လူစားလဲလှယ်မှုတွေ လုပ်ဆောင်ရပါမယ်”လို့ ဆိုပါတယ်။
အယ်လ်အိန်းနဲ့ပွဲစဉ်အတွင်း လူစားဝင်ကစားကာ ဒဏ်ရာရရှိသွားတဲ့ အသက်-၁၉ နှစ်အရွယ်အီချီဗီရီနဲ့ ပတ်သက်လို့ ပက်ဂွါဒီယိုလာက “ သူ့ဆီမှာ ခြေကျင်းဝတ်ပြဿနာတွေ ရှိနေပါတယ်။ ဒါကြောင့် ရက်သတ္တပတ် နှစ်ပတ်၊ သုံးပတ်လောက်တော့ အနားယူရပါလိမ့်မယ်။ သူ့အတွက် ကျွန်တော် စိတ်မကောင်းပါဘူး”လို့ ပြောပါတယ်။