The network connection is lost.

Banner Image

မွေးရပ်မြေမှာ ဘောလုံးအကယ်ဒမီတစ်ခု တည်ထောင်လိုက်တဲ့ မန်စီးတီးကြယ်ပွင့် ကိုင်လီဝေါ်လ်ကာ

မန်စီးတီးနဲ့ အင်္ဂလန်လက်ရွေးစင်နောက်ခံလူ ကိုင်လီဝေါ်လ်ကာက သူရဲ့မွေးရပ်မြေဖြစ်တဲ့ ရှက်ဖီးမြို့မှာ ဘောလုံးအကယ်ဒမီတစ်ခုကို ဦးစီးဖွင့်လှစ်လိုက်ပါပြီ။

ရှက်ဖီးယူနိုက်တက်နဲ့အတူ ပရိုကစားသမားဘ၀ စတင်ခဲ့တဲ့ အသက်-၃၃ နှစ်အရွယ် ကစားသမားက သူမွေးဖွားကြီးပြင်းခဲ့ရာ ဇာတိမြို့အတွက် တစုံတရာပြန်လည်ပေးဆပ်ချင်ခဲ့တယ်လို့ ပြောပါတယ်။ ရှက်ဖီးကောလိပ်နဲ့အတူ ပူးပေါင်းတည်ထောင်တဲ့ အခုအကယ်ဒမီမှာ အသက်-၁၆ နှစ်မှ ၁၉ နှစ်အကြား အလားအလာရှိကစားသမားတွေအတွက် ဘောလုံးနဲ့ ပညာသင်ကြားမှုဆိုင်ရာ အခွင့်အလမ်းတွေကို စီမံပေးထားပါလိမ့်မယ်။

မြို့အစွန်ဆင်ခြေဖုံးဒေသမှာ ကြီးပြင်းခဲ့တဲ့ ဝေါ်လ်ကာက “အထူးသဖြင့် ဒီမြို့ကြီးနဲ့ အိပ်မက်တွေပျောက်ဆုံးနေပြီလို့ ယူဆနေတဲ့ ကလေးတွေအတွက် ဒီလိုအခွင့်အလမ်းတွေ ပြန်ပေးချင်ခဲ့ပါတယ်။ ဒီမြို့ကြီးက ကျွန်တော့်အတွက် ဘယ်လောက်တောင်အဓိပ္ပါယ်ရှိစေသလဲဆိုတာ ပြောပြခဲ့ပြီးပါပြီ။ ဒီနေရာမှာ ကျွန်တော်ဘဝ စတင်ခဲ့ရသလို ကျွန်တော့်အတွက် လမ်းပြပေးခဲ့တဲ့၊ အခွင့်အလမ်းတွေ ပေးအပ်ခဲ့တဲ့နေရာတစ်ခုလည်း ဖြစ်ပါတယ်”လို့ ပြောပါတယ်။

လာမယ့်စက်တင်ဘာလမှာ စတင်မယ့် ကိုင်လီဝေါ်လ်ကာရဲ့ဘောလုံးအကယ်ဒမီက ပရိုကလပ်အသင်းတစ်ခုနဲ့ စာချုပ်မချုပ်ရသေးတဲ့ ကစားသမားတွေကို ဆွဲဆောင်သွားပါလိမ့်မယ်။ ဝေါ်လ်ကာကိုယ်တိုင်ကလည်း လူငယ်ကစားသမားလေးတွေအတွက် ဒုတိယအကြိမ်အခွင့်အလမ်းတစ်ခု ပေးအပ်ချင်ခဲ့တယ်လို့ ပြောပါတယ်။

“တိုးတက်မှုနှောင့်နေးနေသူတွေ၊ ကိုယ်ဟန်အနေအထားမမှန်ကန်သူတွေနဲ့ သင့်တော်တဲ့ပုံစံမျိုး မရှိသေးသူတွေအတွက် ဒီအကယ်ဒမီက ကူညီပေးသွားနိုင်ပါတယ်”လို့ ဝေါ်လ်ကာက ဆိုပါတယ်။

အကယ်ဒမီသင်တန်းသားတွေက ရှက်ဖီးကောလိပ်ရဲ့ ဟေးစ်ဘရော့နယ်မြေမှာ ခေတ်မီစက်ပစ္စည်း၊ နည်းပညာတွေနဲ့ သီတင်းပတ်တစ်ပတ်လျှင် သုံးကြိမ်တိုင် လေ့ကျင့်သင်ကြားခွင့် ရရှိပါလိမ့်မယ်။

ရှက်ဖီးကောလိပ်ရဲ့အားကစားနည်းပြတစ်ဦးဖြစ်သူ အက်ဒ်ကင်ဆေးက “ပရိုဘောလုံးသမားတစ်ဦး ဖြစ်လာဖို့ အခွင့်အလမ်းတွေက အလွန်နည်းပါးတယ်ဆိုတာ နားလည်ထားဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် အားလုံးသိထားကြသလိုပဲ ဒီနေရာမှာ အလုပ်ကို ပြင်းပြင်းထန်ထန်ကြိုးစားအားထုတ်ရပါမယ်”လို့ ပြောပါတယ်။

ဝေါ်လ်ကာကိုယ်တိုင်ကလည်း ဒီအကယ်ဒမီအတွက် တက်နိုင်သမျှ ကူညီပံ့ပိုးပေးသွားမယ်လို့ ဆိုပါတယ်။