The network connection is lost.

Banner Image

အာမိုရင်ရဲ့နည်းစနစ်တွေကို ယူနိုက်တက်ကစားသမားအချို့ စိတ်ပျက်နေကြောင်း သတင်းတွေထွက်ပေါ်လာ

မန်ချက်စတာယူနိုက်တက်ကစားသမားအချို့ဟာ လက်ရှိနည်းပြသစ် ရူဘင်အာမိုရင်ရဲ့နည်းစနစ်တွေကို စိတ်ပျက်နေကြတယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ 
ပြီးခဲ့တဲ့နိုဝင်ဘာလမှာ အဲရစ်တန်ဟက်နေရာ အစားထိုးဝင်ရောက်လာခဲ့တဲ့အာမိုရင်ဟာ ယူနိုက်တက်အတွက် ပြီးပြည့်စုံတဲ့နည်းပြဖြစ်လာနိုင်တယ်လို့ ယူဆခဲ့ကြပေမယ့် လက်ရှိအချိန်မှာတော့ အိုးလ်ထရက်ဖို့ဒ်အသင်းဟာ ရလဒ်ကောင်းတွေဖော်ဆောင်နိုင်ဖို့ ဆက်လက်ရုန်းကန်နေရဆဲဖြစ်ပါတယ်။ 

ပေါ်တူဂီသားနည်းပြဟာ ယခင်က စပို့တင်းလစ္စဘွန်းမှာ အလုပ်ဖြစ်ခဲ့တဲ့ ၃-၄-၃ ကစားကွက်ကို ယူနိုက်တက်မှာ ဆက်လက်ဖော်ဆောင်ဖို့ကြိုးစားနေပေမယ့် ကစားသမားတွေကတော့ အဆိုပါကစားကွက်မှာ အံဝင်ခွင်ကျကစားနိုင်ဖို့ ရုန်းကန်နေရပါတယ်။ ဒါကြောင့် သတင်းတွေရဲ့ဖော်ပြချက်အရ ကစားသမားအချို့ဟာ အာမိုရင်ရဲ့ လက်ရှိအသုံးပြုနေတဲ့ နည်းဗျူဟာတွေအပေါ် မေးခွန်းထုတ်နေကြတယ်လို့ သိရပါတယ်။ ဒါ့အပြင် ကစားသမားတွေအနေနဲ့ လက်ရှိကျင့်သုံးနေတဲ့ နည်းဗျူဟာတွေအစား အခြားနည်းဗျူဟာတွေနဲ့ အစားထိုးလိုနေကြတယ်လို့ သတင်းတွေကဖော်ပြထားတာဖြစ်ပါတယ်။ 

အာမိုရင်အနေနဲ့လည်း သူ့ရဲ့နည်းဗျူဟာတွေအပေါ်မှာ ရာနှုန်းပြည့်ယုံကြည်ချက်ရှိနေတာကြောင့် လက်ရှိပုံစံအတိုင်းပဲ ဆက်လက်ကျင့်သုံးသွားဖို့ ရည်ရွယ်နေပါတယ်။ ဒါ့အပြင် ပေါ်တူဂီသားဟာ ယူနိုက်တက်ကိုတိုးတက်အောင်ပြုလုပ်ဖို့ ဒုတိယနည်းလမ်းဆိုတာ မရှိကြောင်းလည်း လူသိရှင်ကြား ထုတ်ဖော်ပြောကြားထားခဲ့တာဖြစ်ပါတယ်။ 

ယူနိုက်တက်ကစားသမားဟောင်း ဂယ်ရီနဗီးလ်ကတော့ အသင်းအနေနဲ့ အခုထက်ပိုပြီးရှုံးနေမယ်ဆိုရင် ကစားသမားတွေကြားထဲမှာ အငြင်းပွားဖွယ်ကိစ္စရပ်တွေရှိလာနိုင်ကြောင်း သတိပေးထားပါတယ်။ ယခုရာသီ အာမိုရင်လက်အောက်မှာ ပြိုင်ပွဲစုံပွဲ ၂၀ ကစားထားတဲ့ယူနိုက်တက်ဟာ ၈ ပွဲအထိရှုံးနိမ့်ထားခဲ့တာလည်းဖြစ်ပါတယ်။
 
လာမယ့်တနင်္ဂနွေနေ့မှာတော့ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ခက်ခဲတဲ့ပြိုင်ဘက် တော့တင်ဟမ်နဲ့ ကစားသွားရမှာဖြစ်ပါတယ်။ ပိုစတီကိုဂလူရဲ့ ဦးဆောင်မှုအောက်မှာ ပုံစံကောင်းရဖို့ရုန်းကန်နေရတဲ့ တော့တင်ဟမ်အနေနဲ့လည်း ယူနိုက်တက်ကို ပထမအကျော့ကအတိုင်း ရလဒ်ကောင်းထပ်မံဖန်တီးသွားနိုင်မလား စောင့်ကြည့်ရပါမယ်။