
ယခုနွေရာသီအတွင်း ဂါနာချိုကို အပြီးသတ်ရောင်းချဖို့ ဆုံးဖြတ်ထားတဲ့ ယူနိုက်တက်
မန်ချက်စတာယူနိုက်တက်ဟာ ချဲလ်ဆီးနဲ့ နာပိုလီတို့ကချိတ်ဆက်နေတဲ့ အသင်းရဲ့တောင်ပံကြယ်ပွင့်ကစားသမား အလီဂျန်ဒရိုဂါနာချိုကို ယခုနွေရာသီအတွင်းမှာပဲ အပြီးသတ်ရောင်းချဖို့ဆုံးဖြတ်ထားတယ်လို့သိရပါတယ်။ သတင်းတွေအရ ယူနိုက်တက်ဟာ ဂါနာချိုကိုရောင်းချဖို့ အချိန်ဆွဲနေမှာမဟုတ်ဘဲ သတ်မှတ်ထားတဲ့ဈေးနှုန်းရရှိပါက ကစားသမားရဲ့အပြောင်းအရွှေ့ကို အတတ်နိုင်ဆုံး လျင်လျင်မြန်မြန်အကောင်အထည်ဖော်သွားမယ်လို့ဆိုပါတယ်။ နွေရာသီအတွင်း ယူနိုက်တက်မှထွက်ခွာဖို့ သတင်းကြီးနေတဲ့ကစားသမားတွေထဲမှာ ဂါနာချို၊ အန်တိုနီ၊ ဂျေဒန်ဆန်ချို၊ မားကပ်စ်ရက်ရှ်ဖို့ဒ်နဲ့ တိုင်ရဲလ်မာလာစီယာတို့ပါဝင်နေပြီး ရက်ရှ်ဖို့ဒ်ကတော့ ဘာစီလိုနာသို့ အငှားစာချုပ်နဲ့ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ပါတယ်။
ယခုအခါမှာတော့ ဂါနာချိုက ဒုတိယမြောက်အနေနဲ့ အိုးလ်ထရက်ဖို့ဒ်မှထွက်ခွာဖွယ်ရှိနေပြီး ယူနိုက်တက်ကတော့ ကစားသမားရဲ့တန်ကြေးကို ပေါင်သန်း ၆၀ အထိသတ်မှတ်ထားတယ်လို့သိရပါတယ်။ ဂါနာချိုအနေနဲ့ အင်္ဂလန်မှာပဲ ဆက်လက်နေထိုင်လိုတာကြောင့် ယူနိုက်တက်မှထွက်ခွာပါက ပြိုင်ဘက်ပရီးမီးယားလိပ်ကလပ်သို့သာ ပြောင်းရွှေ့ဖွယ်ရှိတယ်လို့ သတင်းတွေကဖော်ပြထားပါတယ်။
နည်းပြအာမိုရင်အနေနဲ့လည်း ဂါနာချိုရဲ့ခြေစွမ်းကိုအကြိုက်မတွေ့တာကြောင့် အာဂျင်တီးနားသားဟာ အိုးလ်ထရက်ဖို့ဒ်မှာဆက်နေပါကလည်း နေရာရဖွယ်မရှိပါဘူး။ မကြာသေးမီက ပေါ်တူဂီသားနည်းပြဟာ အသင်းအတွက် နံပါတ် ၉ တိုက်စစ်မှူးတစ်ဦး လိုအပ်နေတယ်လို့လည်းဝန်ခံထားပါတယ်။ လက်ရှိအချိန်မှာတော့ ယူနိုက်တက်ဟာ ရာသီကြိုခြေစမ်းပွဲစဉ်တွေကစားဖို့ အမေရိကန်သို့ရောက်ရှိနေပြီး လာမယ့်ဇူလိုင်လ ၃၁ ရက်နေ့မှာ ဘုန်းမောက်နဲ့ယှဉ်ပြိုင်သွားရပါမယ်။