လက်ချီနောက်ခံလူ ပက်ထရစ်ဒေါ်ဂူကိုခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်တဲ့ ယူနိုက်တက်
မန်ချက်စတာယူနိုက်တက်ဟာ အီတလီစီးရီးအေကလပ် လက်ချီနောက်ခံလူ ပက်ထရစ်ဒေါ်ဂူကို ယူရို ၃၅ သန်းနဲ့ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပြီလို့သိရပါတယ်။ အပြောင်းအရွှေ့ကျွမ်းကျင် ဖာဘရီဇီယိုရိုမာနိုရဲ့အဆိုအရ ယူနိုက်တက်ဟာ အသက်-၂၀ နှစ်အရွယ်နောက်ခံလူကို ကနဦးယူရိုသန်း ၃၀+အပိုဆုကြေး ယူရို ၅ သန်းတို့နဲ့ခေါ်ယူသွားမှာဖြစ်တယ်လို့သိရပါတယ်။ လက်ရှိအချိန်မှာတော့ ယူနိုက်တက်နဲ့ဒေါ်ဂူတို့အကြား စာချုပ်စာတမ်းကိစ္စတွေစီစဉ်နေပြီး ၂၄ နာရီအတွင်း အပြောင်းအရွှေ့ပြီးမြောက်ကြောင်း ကြေညာဖို့ရှိနေပါတယ်။
အသင်းရဲ့နောက်ခံလူတွေဖြစ်တဲ့ လုခ်ရှောနဲ့ တိုင်ယဲလ်မာလာစီယာတို့ရဲ့ဒဏ်ရာပြဿနာတွေကြောင့် ယူနိုက်တက်ဟာ နောက်ခံလူသစ်ကိုခေါ်ယူနိုင်ဖို့ ကာလရှည်ကြိုးစားနေခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ဒေါ်ဂူကိုခေါ်ယူဖို့ ပထမတစ်ကြိမ်ကမ်းလှမ်းမှုပြုလုပ်ခဲ့သေးပေမယ့် လက်ချီဘက်က ပယ်ချထားခဲ့တာလည်းဖြစ်ပါတယ်။ တကယ်လို့ လက်ရှိအပြောင်းအရွှေ့သာအတည်ပြုနိုင်ခဲ့မယ်ဆိုရင် ဒိန်းမတ်လက်ရွေးစင်ဟာ ရူဘင်အာမိုရင်ရဲ့ ယူနိုက်တက်နည်းပြဘဝ ပထမဆုံးကစားသမားခေါ်ယူမှုဖြစ်လာဖို့ရှိနေပါတယ်။
လက်ချီဥက္ကဌ ဆေဗာရီယိုစတစ်ချီဒါမီယာနီက အသင်းဟာ ယူနိုက်တက်ရဲ့ကမ်းလှမ်းမှုတွေကို ပယ်ချပြီး ဒေါ်ဂူကိုအသင်းမှာဆက်လက်ထိန်းသိမ်းမယ်လို့ ပြောကြားထားပေမယ့် ယခုအခါမှာတော့ ယူနိုက်တက်က အနိုင်ရခဲ့ပုံပေါ်ပါတယ်။ ဒါမီယာနီက “ကျွန်တော်တို့ ကစားသမားကိုထိန်းသိမ်းနိုင်ဖို့ကြိုးစားနေပါတယ်။ အသင်းမှာရှိတဲ့ကစားသမားတိုင်းကို ထိန်းသိမ်းနိုင်ဖို့ကြိုးစားသလိုပါပဲ။ အခုဇန်နဝါရီအတွင်းမှာတော့ ကျွန်တော်တို့ ဘယ်ကစားသမားကိုမှ ရောင်းသွားမှာမဟုတ်ပါဘူး” လို့ပြောကြားထားတာဖြစ်ပါတယ်။
ဆောင်းရာသီအပြောင်းအရွှေ့ဈေးကွက်က လာမယ့်ဖေဖော်ဝါရီလ ၃ ရက်နေ့မှာပိတ်သိမ်းမှာဖြစ်ပြီး ယူနိုက်တက်အနေနဲ့ ဒေါ်ဂူကိုခေါ်ယူလိုက်ပြီဖြစ်ကြောင်း မကြာမီမှာပဲ ကြေညာလာဖွယ်ရှိပါတယ်။