The network connection is lost.

Banner Image

အဲဗာတန်နဲ့ပွဲမှာ အထနှေးခဲ့တဲ့ ယူနိုက်တက်ကစားသမားတွေကို ဝေဖန်အပြစ်တင်လာတဲ့ အာမိုရင်

ယမန်နေ့ညက အဲဗာတန်ကို ၂-၂ နဲ့သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပွဲအစပိုင်း အထနှေးနေခဲ့တဲ့ ယူနိုက်တက်ကစားသမားတွေကို နည်းပြရူဘင်အာမိုရင်က ပြစ်တင်ဝေဖန်မှုတွေ ပြုလုပ်လာခဲ့ပါတယ်။ ယခုပွဲစဉ်မှာ ယူနိုက်တက်ကစားသမားတွေဟာ ပထမပိုင်းအတွင်း ကစားပုံဆိုးဝါးခဲ့တဲ့ အဲဗာတန်ရဲ့ ၂ ဂိုးပြတ်ဦးဆောင်ခြင်းကို ခံထားခဲ့ရတာဖြစ်ပါတယ်။ သို့သော်လည်း ဒုတိယပိုင်းမှာတော့ ယူနိုက်တက်တို့ကစားပုံတိုးတက်လာခဲ့ပြီး အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ရဲ့ဖရီးကစ်၊ ကွင်းလယ်လူ မန်နူရယ်ယူဂါတီတို့ရဲ့ သွင်းဂိုးတွေကြောင့် သရေလဒ်ကို ပုံဖော်နိုင်ခဲ့ပါတယ်။ 

ပွဲပြီးကာနီးမှာ အဲဗာတန်တို့ ပင်နယ်တီရရှိဖို့ နီးစပ်ခဲ့သေးပေမယ့် VAR နဲ့ပြန်လည်စစ်ဆေးရာမှာ ပင်နယ်တီမဟုတ်ကြောင်း မြင်တွေ့ခဲ့တာကြောင့် ယူနိုက်တက်သို့ သက်သာရာရခဲ့ပါတယ်။ ယခုသရေပွဲနဲ့အတူ ယူနိုက်တက်ဟာ နောက်ဆုံး ၁၁ ပွဲမှာ ပထမပိုင်အတွင်း ၁ ဂိုးသာသွင်းယူနိုင်ခဲ့ပြီး အဆိုပါသွင်းဂိုးမှာလည်း ဘရိုက်တန်ကို ၃-၁ နဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာရရှိခဲ့တဲ့ ဖာနန်ဒက်စ်ရဲ့ ပင်နယ်တီသွင်းဂိုးဖြစ်ပါတယ်။ 

ယခုအဲဗာတန်နဲ့ပွဲစဉ်မှာ ယူနိုက်တက်ဟာ ပထမပိုင်းအတွင်း ဂိုးပေါက်တည့်တဲ့ကန်သွင်းချက် ၁ ကြိမ်တောင်ပြုလုပ်နိုင်ခဲ့ခြင်းမရှိပါဘူး။ ပွဲအပြီးမှာ အာမိုရင်က “ဒီပွဲမှာ အသင်းရဲ့အဆိုးဝါးဆုံးအချက်ကတော့ အသင်းရဲ့ကစားသမားတွေက အတော်လေး အလုပ်အားနေကြပါတယ်။ ပြီးတော့ ပြိုင်ဘက်ကဖိအားမပေးပါဘဲနဲ့ ဘောလုံးတွေလည်း မကြာခဏဆုံးရှုံးခဲ့ပါတယ်။ ကစားသမားတွေ ဘာလုပ်လို့ဘာကိုင်ရမှန်း သိကြတဲ့ပုံလည်း မပေါ်ပါဘူး”

“ပထမပိုင်းမှာဆို ကျွန်တော်တို့ရဲ့ကစားကွက်က ကွင်းထဲမှာတောင်ရှိမနေပါဘူး။ ပြိုင်ဘက်ကိုလည်း ဂိုးတွေလွယ်လွယ်ကူကူပဲခွင့်ပြုခဲ့ရပြီး အတော်လေးခြေစွမ်းဆိုးဝါးခဲ့ပါတယ်။ပထမပိုင်းအတွင်းမှာ အသင်းက အချိန်တွေအတော်လေးဖြုန်းတီးခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ အသင်းက ခြေစွမ်းရော ယုံကြည်မှုပါ အတော်လေးတိုးတက်ခဲ့ပါတယ်။ ဒီပွဲကို နိုင်ဖို့အထိ နီးစပ်ခဲ့ပါတယ်” လို့ပြောကြားခဲ့ပါတယ်။ 

လာမယ့်ကြာသပတေးနေ့မှာတော့ ယူနိုက်တက်ဟာ အက်ဖ်အေဖလား ပဉ္စမအဆင့်ပွဲစဉ်အဖြစ် အစ်ဆွစ်ချ်နဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး တနင်္ဂနွေနေ့မှာတော့ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဖူလ်ဟမ်နဲ့ကစားသွားရပါမယ်။