The network connection is lost.

Banner Image

ဆန်ချိုကိုဈေးလျှော့ပြီးရောင်းချနိုင်ဖို့ ဂျူဗင်တပ်စ်နဲ့ဆွေးနွေးမှုတွေပြုလုပ်နေတဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်ဟာ အသင်းရဲ့တောင်ပံကစားသမား ဂျေဒန်ဆန်ချိုကိုရောင်းချဖို့ ပေါင် ၂၅ သန်းအထိ ဈေးလျှော့ပေးထားပေမယ့် ဂျူဗင်တပ်စ်ဘက်က သဘောတူညီခြင်းမရှိသေးတာကြောင့် နောက်ထပ်ဈေးလျှော့ဖို့အတွက် ဆွေးနွေးမှုတွေထပ်မံပြုလုပ်နေတယ်လို့သိရပါတယ်။ 

ယူနိုက်တက်ဟာ ဆန်ချိုကို ၂၀၂၁ ခုနှစ်မှာ ဒေါ့မွန်မှ ပေါင် ၇၃ သန်းနဲ့ဝယ်ယူခဲ့တာဖြစ်ပြီး စာချုပ်သက်တမ်း ၁ နှစ်သာကျန်ရှိတော့တာကြောင့် ယခုနွေရာသီအပြောင်းအရွှေ့ကာလမှာပဲ ရောင်းချနိုင်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်ဟာ ဆန်ချိုကို ချဲလ်ဆီးထံသို့ အငှားချခဲ့ပေမယ့် ရာသီကုန်မှာ ချဲလ်ဆီးက အပြီးသတ်ဝယ်ယူခြင်းမရှိဘဲ လျော်ကြေးပေါင် ၅ သန်းပေးပြီး အိုးလ်ထရက်ဖို့ဒ်ထံ ပြန်လည်စေလွှတ်ခဲ့ပါတယ်။ 

ယခုလအစောပိုင်းမှာတော့ ဂျူဗင်တပ်စ်ကဆန်ချိုကိုစိတ်ဝင်စားနေကြောင်းဖော်ပြခဲ့ပြီး ဝယ်ယူဖို့ကြိုးစားလာခဲ့တာကြောင့် ယူနိုက်တက်အနေနဲ့ ပေါင် ၂၅ သန်းအထိဈေးလျှော့ပေးခဲ့ပေမယ့် အဆိုပါဈေးနှုန်းကို အီတလီကလပ်က ငြင်းဆန်ထားခဲ့ပါတယ်။ ဒါကြောင့် ယခုအခါမှာတော့ ယူနိုက်တက်ဟာ ကစားသမားရဲ့တန်ကြေးကို ထပ်မံလျှော့ချသွားဖို့ ပြင်ဆင်နေတယ်လို့ အီတလီသတင်းတွေက ဖော်ပြလာခဲ့ပါတယ်။ 

ဆန်ချိုအနေနဲ့လည်း ဂျူဗင်တပ်စ်သို့ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတာကြောင့် ယူနိုက်တက်ဟာ အပြောင်းအရွှေ့အမြန်ဆုံးဖြစ်ပေါ်လာဖို့ တွန်းအားပေးလုပ်ဆောင်နေတာဖြစ်ပါတယ်။ သတင်းတွေအရ ဆန်ချိုဟာ ဂျူဗင်တပ်စ်နဲ့လက်တွဲပါက တစ်နှစ်လုပ်ခ ပေါင် ၇ သန်းသာရရှိသွားမှာဖြစ်ပြီး အဆိုပါလစာပမာဏဟာ လက်ရှိယူနိုက်တက်မှာရရှိနေတဲ့ ပမာဏ တစ်ပတ်လုပ်ခ ပေါင် ၃ သိန်းထက် အတော်လေးလျော့နည်းနေတာလည်းဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ရာသီမှာ ဆန်ချိုဟာ ချဲလ်ဆီးအတွက် ပြိုင်ပွဲစုံ ၅ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၁၀ ကြိမ်အထိပြုလုပ်နိုင်ခဲ့တာကြောင့်လည်း ဂျူဗင်တပ်စ်က အသင်းမှာအသုံးပြုဖို့ စိတ်ဝင်စားနေတာဖြစ်ပါတယ်။ အီတလီနာမည်ကျော်ဂျာနယ်လစ် ဒီမာဇီယိုရဲ့အဆိုအရ ဂျူဗင်တပ်စ်ဟာ ဆန်ချိုအတွက်ပြောင်းရွှေ့ကြေးကို ပေးချေလိုခြင်းမရှိဘဲ အသင်းရဲ့ကစားသမားတွေဖြစ်တဲ့ ဒေါက်ဂလပ်စ်လူးဝစ်၊ ဒူဆန်ဗလာဟိုဗစ်၊ တင်မိုသီဝီယာတို့နဲ့ အလဲအထပ်ပြုလုပ်လိုနေတယ်လို့သိရပါတယ်။ 

ဆန်ချိုဟာ ယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်ရဲ့အစီအစဉ်တွေမှာ ပါဝင်ခြင်းမရှိတာကြောင့် အသင်းရဲ့ရာသီကြိုလေ့ကျင့်ရေးအစီအစဉ်တွေမှာလည်း လာရောက်ပူးပေါင်းခြင်းမရှိသေးပါဘူး။ ဆန်ချိုသာမက မားကပ်စ်ရက်ရှ်ဖို့ဒ်၊ အလီဂျန်ဒရိုဂါနာချို၊ အန်တိုနီနဲ့ တိုင်ရဲလ်မာလာစီယာတို့ကလည်း ယခုနွေရာသီမှာပဲ အိုးလ်ထရက်ဖို့ဒ်နဲ့ လမ်းခွဲသွားမှာဖြစ်တယ်လို့ သတင်းတွေကဆိုပါတယ်။ 

သို့သော်လည်း ယူနိုက်တက်ဟာ ယခုလနှောင်းပိုင်းမှာ အမေရိကန်သို့ ရာသီကြိုခရီးစဉ်ထွက်ခွာသွားရမှာဖြစ်တာကြောင့် အဆိုပါကစားသမားတွေကို ယခုလအတွင်း အပြီးသတ်ရောင်းချနိုင်ဖို့ ကြိုးစားသွားရမှာဖြစ်ပြီး ကစားသမားတွေအနေနဲ့ လေ့ကျင့်ရေးကွင်းသို့သတင်းမပို့ပါက နည်းပြအာမိုရင်ဟာ ကျန်ရှိတဲ့ကစားသမားတွေနဲ့ပဲ အမေရိကန်သို့ထွက်ခွာသွားမှာဖြစ်ပါတယ်။