The network connection is lost.

Banner Image

အသင်းမှ ထွက်ခွာသွားတဲ့ အားကစားဒါရိုက်တာဟောင်း ချီကီ ဘီဂီရစ္စတိုင်းကို ပေါင် ၂၈၀,၀၀၀ တန် ကားတစ်စီး လက်ဆောင်ပေးလိုက်တဲ့ မန်စီးတီး

မန်စီးတီးအသင်းဟာ ၁၃ နှစ်ကြာ အသင်းမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အားကစားဒါရိုက်တာဟောင်း ချီကီ ဘီဂီရစ္စတိုင်းကို ပေါင် ၂၈၀,၀၀၀ တန် ကားတစ်စီးကို လက်ဆောင်ပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၁ ရက်နေ့မှာ မန်စီးတီးအသင်းက ဘောလုံးဒါရိုက်တာက ရာထူးကနေ နုတ်ထွက်သွားပြီဖြစ်ကြောင်း တရားဝင်ကြေညာခဲ့ပါတယ်။ ဘီဂီရစ္စတိုင်းဟာ မန်စီးတီးရဲ့ သမိုင်းတစ်လျှောက်မှာ အအောင်မြင်ဆုံးခေတ်ကို ကြီးကြပ်ပေးခဲ့ပြီး သူ့ရဲ့ခေါင်းဆောင်မှုအောက်မှာ အဓိကဖလား ၂၁ လုံး ရယူနိုင်ခဲ့ပါတယ်။

The Sun သတင်းစာရဲ့ ဖော်ပြချက်အရ မန်စီးတီးအသင်းဟာ ၁၀ နှစ်ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဘောလုံးဒါရိုက်တာဟောင်းကို ပေါင် ၂၈၀,၀၀၀ တန် ဘန်လေတီ ကွန်တီနန်တယ်လ် ဂျီတီကို လက်ဆောင်ပေးခဲ့ပါတယ်။ ဘန်လေတီကားဟာ မန်စီးတီးအသင်းရဲ့ အမှတ်တံဆိပ်ဖြစ်တဲ့ မိုးပြာရောင်ဖြစ်ပြီး အသက် ၆၁ နှစ်ရှိပြီဖြစ်တဲ့ ဘီဂီရစ္စတိုင်း သူ့ရဲ့တိုင်းပြည်မှာ ကားကို အသုံးပြုနိုင်ဖို့အတွက် စပိန်ကားနံပါတ်နဲ့ ဘယ်မောင်းစနစ်နဲ့ ပြုလုပ်ပေးထားပါတယ်။

ဘီဂီရစ္စတိုင်း ၁၃ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့စဉ် မန်စီးတီးအသင်းက ပရီးမီးယားလိဂ်ဖလား ၇ ကြိမ်၊ အက်ဖ်အေဖလား ၂ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၁ ကြိမ်၊ ကလပ်ကမ္ဘာ့ဖလား ၁ ကြိမ်နဲ့ ယူအီးအက်ဖ်အေ စူပါဖလား ၁ ကြိမ်အပါအဝင် အဓိကဖလား ၂၁ လုံး ရရှိခဲ့ပါတယ်။ ဘီဂီရစ္စတိုင်းဟာ အကယ်ဒမီနဲ့ ဘော်လွန်းဒီအောဆုတွေ အများအပြားကိုလည်း ကြီးကြပ်ပေးခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်မှာ မန်စီးတီးအသင်းကို ရောက်ရှိခဲ့ပြီးနောက် နည်းပြကြီးနှစ်ဦးဖြစ်တဲ့ မန်နျူရယ် ပယ်လီဂရီနီနဲ့ ပက်ပ် ဂွါဒီယိုလာတို့ကို အီတီဟတ်ဒ်ကွင်းကို ခေါ်ဆောင်ခဲ့ရာမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။

မန်စီးတီးနည်းပြ ပက်ပ် ဂွါဒီယိုလာကလည်း အင်္ဂလန်ကလပ်အတွက် ကြီးမားတဲ့အောင်မြင်မှုတွေရရှိစေဖို့ ဘီဂီရစ္စတိုင်းရဲ့ ပံ့ပိုးမှုအပေါ် မကြာခဏ အသိအမှတ်ပြုခဲ့ပါတယ်။ နည်းပြ ဂွါဒီယိုလာနဲ့ ဘီဂီရစ္စတိုင်းတို့ဟာ ဘာစီလိုနာအသင်းမှာ အတူတူလုပ်ခဲ့ဖူးပါတယ်။ အဲဒီတုန်းက ဘီဂီရစ္စတိုင်းက နည်းပြ ဂွါဒီယိုလာကို ဘာစီလိုနာအသင်းရဲ့ နည်းပြချုပ်အဖြစ် ရာထူးတိုးမြှင့်ခဲ့ရာမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ ဘာစီလိုနာမှာ ကစားသမားတွေအဖြစ်လည်း အတူတူ ကစားခဲ့ဖူးပါတယ်။

ခေတ်သစ်တစ်ခုကို စတင်နေတဲ့ မန်စီးတီးဟာ စပို့တ်တင်း စီပီအသင်းရဲ့ ဟူဂို ဗီယာနာကို ဘီဂီရစ္စတိုင်းရဲ့ နေရာမှာ အစားထိုးခဲ့ပါတယ်။ နည်းပြ ဂွါဒီယိုလာရဲ့အသင်းကတော့ တနင်္ဂနွေနေ့မှာ အာဆင်နယ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ကွင်းထဲမှာ ခြေစွမ်းပြသရတော့မှာဖြစ်ပါတယ်။