ဖရန့်ဖတ်ကြယ်ပွင့် မာမွတ်ရှ်ကိုခေါ်ယူနိုင်ဖို့ နီးစပ်နေပြီဖြစ်တဲ့ မန်စီးတီး
မန်စီးတီးဟာ ယခုဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းဖို့ ပြင်ဆင်နေပြီး ယခုအခါမှာတော့ ဘွန်ဒက်စ်လီဂါကလပ် ဖရန့်ဖတ်တိုက်စစ်ကြယ်ပွင့် အိုမာ မာမွတ်ရှ်ကိုခေါ်ယူဖို့ သဘောတူညီမှုရရှိတော့မယ်လို့ သိရပါတယ်။ မန်စီးတီးအနေနဲ့ အီဂျစ်ကြယ်ပွင့်ကိုခေါ်ယူနိုင်ဖို့ နီးစပ်နေတယ်လို့သတင်းတွေက ဖော်ပြထားပေမယ့် ဖရန့်ဖတ်နည်းပြ ဒီနိုတော့ပ်မိုလာကတော့ ကစားသမားကို အသင်းမှာဆက်လက်ထိန်းသိမ်းထားနိုင်မယ်လို့ ယုံကြည်ကြောင်း ပြောကြားထားပါတယ်။
ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၆ နေရာမှာသာရပ်တည်ထားနိုင်တဲ့မန်စီးတီးဟာ ပြီးခဲ့တဲ့လက ကစားသမား မလုံလောက်မှုတွေကြောင့် ရလဒ်ဆိုးတွေတောက်လျှောက်ကြုံတွေ့ထားခဲ့ရတာဖြစ်ပါတယ်။ ပက်ဂွါဒီယိုလာရဲ့အသင်းဟာ လက်ရှိပရီးမီးယားလိဂ်ချန်ပီယံတွေဖြစ်ပေမယ့် ဒီရာသီမှာ ကစားထားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၂၀ မှာ ၁၀ ပွဲသာအနိုင်ရထားပါတယ်။
မန်စီးတီးအနေနဲ့ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းနိုင်ဖို့ ရည်ရွယ်ထားတာကြောင့် မာမွတ်ရှ်ကို စောင့်ကြည့်နေခဲ့ကာ ဖြစ်နိုင်ချေရှိတဲ့ အပြောင်းအရွှေ့တစ်ခုအဖြစ် ဆွေးနွေးမှုတွေ ပြုလုပ်ထားခဲ့တာဖြစ်ပါတယ်။ ဂျာမနီသတင်းတွေအရ မန်စီးတီးဘက်က မာမွတ်ရှ်အတွက် ပြောင်းရွှေ့ကြေး ပေါင် ၅၉ သန်းနဲ့ကမ်းလှမ်းမှုပြုလုပ်လိုပေမယ့် ဖရန့်ဖတ်ဘက်ကတော့ ပေါင် ၆၇ သန်းအထိ အလိုရှိနေတယ်လို့သိရပါတယ်။
မာမွတ်ရှ်ရဲ့အပြောင်းအရွှေ့ကိစ္စနဲ့ပတ်သက်ပြီး မေးမြန်းမှုပြုလုပ်ခဲ့ရာမှာ ဖရန့်ဖတ်နည်းပြ တော့ပ်မိုလာကတော့ “သူဒီမှာဆက်နေမယ်ဆိုတာ မေးခွန်းထုတ်စရာကိုမလိုတာပါ” လို့တုံ့ပြန်ဖြေကြားထားပါတယ်။ ဆောင်းရာသီအပြောင်းအရွှေ့ဈေးကွက်က အချိန်တွေအများကြီးကျန်နေသေးတာကြောင့် မန်စီးတီးအနေနဲ့ ကစားသမားကိုခေါ်ယူနိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းမှုတွေ ဆက်လက်ပြုလုပ်သွားဖွယ်ရှိနေပြီး သဘောတူညီမှုရရှိသွားမလား စောင့်ကြည့်ရပါမယ်။