ယူနိုက်တက်မှာ တန်ဟက် ဆက်ရှိနေမယ့်အပေါ် ဝမ်းမြောက်မိကြောင်း ပြောကြားလာတဲ့ မိုင်နူး
မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကြယ်ပွင့် ကိုဘီမိုင်နူးက အသင်းကနေ ထုတ်ပယ်ခံရတော့မယ်လို့ ယူဆခံခဲ့ရတဲ့ မန်နေဂျာအဲရစ်တန်ဟက်အနေနဲ့ အသင်းမှာ ဆက်လက်ကျန်ရှိနေတဲ့အပေါ် ဝမ်းမြောက်မိတယ်လို့ ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။
ယူနိုက်တက်ဟာ တန်ဟက်ကို ထုတ်ပယ်တော့မယ်လို့ ကာလရှည်ထင်ကြေးပေးခံခဲ့ရပေမယ့် ရာသီကုန်သုံးသပ်မှုတွေပြုလုပ်အပြီးမှာတော့ အသင်းမှာဆက်လက်ထားရှိဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ယခုအခါမှာတော့ မိုင်နူးကလည်း တန်ဟက်လက်အောက်မှာ ဆက်လက်တိုးတက်ဖို့ဆန္ဒရှိနေကြောင်းနဲ့ အခုလို ရေရှည်လက်တွဲခွင့်ရတဲ့အပေါ် ဝမ်းမြောက်မိကြောင်း ပြောကြားလာခဲ့တာဖြစ်ပါတယ်။
အသက်-၁၉ နှစ်အရွယ်သာရှိသေးပေမယ့် မိုင်နူးဟာ တန်ဟက်လက်အောက်မှာ ယူနိုက်တက်အတွက် အဓိကကစားသမားအဖြစ် ရပ်တည်ထားနိုင်သလို အင်္ဂလန်လက်ရွေးစင်အသင်းမှာလည်း နေရာတစ်နေရာရရှိထားသူဖြစ်ပါတယ်။ ဒီလိုထွန်းတောက်တဲ့ကြယ်ပွင့်ဖြစ်လာအောင် တန်ဟက်ကိုယ်တိုင်က လူငယ်ကစားသမားလေးကို အသင်းရဲ့ကွင်းလယ်မှာ ယုံယုံကြည်ကြည်နဲ့နေရာပေးပြီး မြေတောင်မြှောက်ပေးခဲ့တာဖြစ်ပါတယ်။
မိုင်နူးက “တန်ဟက်နဲ့အတူ ကိုယ့်ကိုယ်ကိုယ်တည်ဆောက်လာခဲ့ရတာ ဝမ်းသာစရာပါ။ သူအခုလို အသင်းကို ဆက်ကိုင်တွယ်မယ်လို့သိရလို့ စိတ်အေးချမ်းမှုရခဲ့ပါတယ်။ ရာသီသစ်မှာ ကျွန်တော်တို့ဘယ်လို ရှေ့ဆက်ရမယ်ဆိုတာ မန်နေဂျာကသိပါတယ်။ သူက အသင်းအတွက် ဆုဖလား ၂ ကြိမ်အထိဆွတ်ခူးပေးထားနိုင်ပါတယ်။ နောက်ထပ် ဆုဖလားတွေရယူပေးနိုင်ဦးမယ်လို့လည်းမျှော်လင့်ပါတယ်။ ကျွန်တော်တို့နဲ့အတူတူ ရှိနေလို့ သူ့ကို ကျေးဇူးတင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
ယူရို ၂၀၂၄ ပြိုင်ပွဲအတွင်း အုပ်စုအဆင့်မှာ အင်္ဂလန်ဟာ ဒိန်းမတ်နဲ့အုပ်စုတစ်ခုတည်းမှာ ကျရောက်နေတာကြောင့် မိုင်နူးဟာ သူ့ရဲ့ယူနိုက်တက်အသင်းဖော်တွေဖြစ်တဲ့ ဟွိုက်လန်း၊ အဲရစ်ဆင်တို့ကို ပြိုင်ဘက်အဖြစ်ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။
ဆက်လက်ပြီးကွင်းလယ်လူက “သူတို့ ၂ ယောက်စလုံးက ကျွန်တော့်အတွက် အရမ်းကောင်းတဲ့အသင်းဖော်တွေပါ။ ဟွိုက်လန်းက ကျွန်တော့်လိုပဲ အသက်ငယ်သေးတော့ ကျွန်တော်တို့နှစ်ယောက်က အမြဲတမ်း တပူးပူးတတွဲတွဲနေကြပါတယ်။ ပြီးတော့ ကျွန်တော်အဲရစ်ဆင်ဆီကနေ အများကြီးသင်ယူနေပါတယ်။ ကြာသပတေးနေ့မှာ အင်္ဂလန်အတွက်ကစားခွင့်ရရင် သူတို့နဲ့ယှဉ်ပြိုင်ပြီး အနိုင်ရဖို့မျှော်လင့်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
အင်္ဂလန်အသင်းအတွက် ပွဲထွက်ပါဝင်ခွင့်ရသည်ဖြစ်စေ၊ အရန်ခုံမှာပဲထိုင်ရသည်ဖြစ်စေ အသင်းကို ကူညီပံ့ပိုးပေးဖို့ အဆင်သင့်ရှိနေကြောင်းကိုလည်း မိုင်နူးက ပရော်ဖက်ရှင်နယ်ပီသစွာ ရှင်းပြခဲ့ပါတယ်။ ဒါ့အပြင် သူ့အနေနဲ့ ဂျုဒ်ဘယ်လင်ဟမ်အပါအဝင် ပရီးမီးယားလိဂ်မှအကောင်းဆုံး ကွင်းလယ်ကစားသမားတွေနဲ့ နေရာရဖို့အတွက် ပြိုင်ဆိုင်ရတဲ့အပေါ် နားလည်မှုရှိကြောင်းကိုလည်း “အရန်ခုံမှာပဲဖြစ်ဖြစ်၊ ပွဲထွက်လူစာရင်းမှာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ ကစားဖို့အဆင်သင့်ရှိနေပါတယ်။ ဒီအသင်းမှာက ဘယ်လင်ဟမ်တို့လို ပြည်ပမှာ ကစားနေတဲ့ ကြယ်ပွင့်တွေတင်မဟုတ်ဘဲ ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံး ကွင်းလယ်လူတွေကိုပါရှိနေတာကြောင့် နေရာရဖို့ကတော့ ပြိုင်ဆိုင်မှုပြင်းထန်ပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်ကလည်း အသင်းအတွက်ကစားဖို့ အဆင်သင့်ရှိနေပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
မိုင်နူးရဲ့ကျေးဇူးသိတတ်မှုနဲ့ စိတ်အားထက်သန်မှုတို့ဟာ တန်ဟက်ရဲ့ပြုစုပျိုးထောင်မှုအောက်မှာ ကောင်းမွန်စွာကြီးပြင်းလာတာကြောင့်ဖြစ်တယ်လို့ အပြုသဘောဆောင်တဲ့ မှတ်ချက်တွေအများအပြားရရှိထားပါတယ်။ ရာသီသစ်ကလည်း မကြာမီမှာပဲ စတင်တော့မှာဖြစ်လို့ အက်ဖ်အေဖလားဆွတ်ခူးခဲ့တဲ့ယူနိုက်တက်အနေနဲ့ နောက်ရာသီအတွက် ဘယ်လိုပြင်ဆင်မှုတွေပြုလုပ်သွားနိုင်မလဲ စောင့်ကြည့်ရပါမယ်။