The network connection is lost.

Banner Image

ချန်ပီယံလိဂ်ဖလားရပြီးနောက် သမီးလေးကို စိတ်ထိမိစွာ ဂုဏ်ပြုခဲ့တဲ့ အင်းနရစ်

ပီအက်စ်ဂျီ နည်းပြ လူးဝစ်အင်းနရစ်က အင်တာမီလန်ကို ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ၅ ဂိုးပြတ်နဲ့ သမိုင်းဝင်အနိုင်ရပြီးနောက် ၂၀၁၉ မှာ ဆုံးပါးသွားခဲ့တဲ့ သူ့ရဲ့သမီးလေး ဇာနာကို စိတ်ထိမိစွာ ဂုဏ်ပြုစကား ပြောခဲ့ပါတယ်။ 

အင်းနရစ် ဟာ သူနဲ့ ဇာနာတို့ ပီအက်စ်ဂျီအလံ ပုံကြမ်းပါတဲ့ တီရှပ်ကို ဝတ်ဆင်ခဲ့တာပါ။ ဒါက ၂၀၁၅ မှာ ဘာစီလိုနာနဲ့ ချန်ပီယံလိဂ်ဖလား ရတုန်းက ပုံနဲ့ ဆင်တူနေပါတယ်။ ဇာနာလေးဟာ ၂၀၁၉ သြဂုတ်လမှာ အရိုးကင်ဆာနဲ့ တိုက်ပွဲဝင်ခဲ့ရပြီးနောက် အသက် ၉ နှစ်အရွယ်မှာ ဝမ်းနည်းဖွယ် ဆုံးပါးသွားခဲ့တာပါ။ အင်းနရစ် နဲ့ သူ့ဇနီး အယ်လီနာ ကူးလက်လ်တို့ဟာ သမီးလေး ဆုံးပါးသွားလို့ စိတ်ဝမ်းနည်းခဲ့ရပါတယ်။ 

ဒီလောက်ကြီးမားတဲ့ ဝမ်းနည်းကြေကွဲမှုတွေ ရှိခဲ့ပေမယ့် အင်းနရစ် ဟာ ဇာနာအကြောင်းနဲ့ သူ့မိသားစုဘဝအပေါ် သက်ရောက်မှုတွေအကြောင်းကို အမြဲတမ်း နွေးထွေးတဲ့ စကားလုံးတွေနဲ့ ပြောလေ့ရှိပါတယ်။ ပီအက်စ်ဂျီအတွက် ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးပြီးနောက် (ပြင်သစ်ကလပ်အတွက် သမိုင်းဝင်  ဖလား၃လုံးစံချိန်တင်ပြီးနောက်) အင်းနရစ် က Sky Sport Italia ကို အခုလို ပြောပါတယ်။

အင်းနရစ်က "သမီးလေးက ထွက်သွားပြီးကတည်းက ကျွန်တော်နဲ့ အတူရှိနေခဲ့ပါတယ်။ ကိုယ်ခန္ဓာပိုင်းအရ မရှိတော့ပေမယ့် ဝိညာဉ်ပိုင်းဆိုင်ရာအရ အမြဲရှိနေပါတယ်။ ကျွန်တော့်ကို ချန်ပီယံလိဂ်မှာ နိုင်တာ၊ ရှုံးတာ မလိုပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော် ခံစားရပါတယ်။ ခံစားချက်တွေအရ ဘာမှ မပြောင်းလဲပါဘူး၊ ကျွန်တော် ခံစားနေရဆဲပါပဲ။ သူ့ဘဝမှာ ကျွန်တော့်ကို ယူဆောင်လာပေးခဲ့တဲ့ ကောင်းတဲ့အရာအားလုံးကို ကျွန်တော် မှတ်မိစေချင်ပါတယ်။ ဘဝမှာ မွေးလာတယ်၊ သေသွားတယ်၊ ကျန်တာတွေကတော့ မြင်ရတာပဲ" လို့ ပြောပါတယ်။
ပီအက်စ်ဂျီ ပရိသတ်တွေကလည်း အင်းနရစ် နဲ့ ဇာနာတို့ ပီအက်စ်ဂျီအလံပုံပါတဲ့ Tifo ကို ကွင်းထဲမှာ ထောင်ပြီး ဂုဏ်ပြုခဲ့ကြပါတယ်။ ဒါဟာ သူတို့နည်းပြအပေါ် ထောက်ခံမှုနဲ့ စာနာမှုကို ပြသခဲ့တာပါ။

အင်းနရစ် ဟာ ဇာနာ ဆုံးပါးတာနဲ့ ပတ်သက်ပြီး အပြုသဘောဆောင်တဲ့ အတွေးတွေကို အရင်ကလည်း ပြောဖူးပါတယ်။ 'You Have No F***ing Idea' ဆိုတဲ့ မှတ်တမ်းရုပ်ရှင်မှာ သူက "ကျွန်တော်က ကံကောင်းတယ်လို့ သတ်မှတ်ရမလား၊ ကံမကောင်းဘူးလို့ သတ်မှတ်ရမလား။ ကံကောင်းတယ်လို့ပဲ ကျွန်တော် သတ်မှတ်ပါတယ်။ အရမ်းကံကောင်းတာ။ 'ဒါပေမယ့် ခင်ဗျားသမီးက ၉ နှစ်မှာ သေသွားတာလေ' တဲ့။ ကောင်းပြီ၊ ကျွန်တော့်သမီးက ကျွန်တော်တို့နဲ့အတူ ၉ နှစ်တာ အံ့သြစရာကောင်းတဲ့ ဘဝကို ဖြတ်သန်းခဲ့တာ။

 ကျွန်တော်တို့မှာ သူ့ဆီကနေ အမှတ်တရတွေ ထောင်ပေါင်းများစွာ၊ ဗီဒီယိုတွေ၊ မယုံနိုင်စရာကောင်းတဲ့ အရာတွေ ရှိနေပါတယ်" လို့ ပြောပါတယ်။ ဇာနာရဲ့ ဓာတ်ပုံတွေကို သူ့အမေကို ပြသဖို့ တိုက်တွန်းခဲ့တာကိုလည်း သူက ပြန်ပြောပြပါတယ်။ "ဇာနာက အသက်ရှင်နေပါတယ်။ သူက ရုပ်ပိုင်းဆိုင်ရာအရ မရှိတော့ပေမယ့် ဝိညာဉ်ပိုင်းဆိုင်ရာအရ ရှိနေပါတယ်။ ဘာလို့လဲဆိုတော့ နေ့တိုင်း သူ့အကြောင်း ပြောတယ်၊ ရယ်ကြတယ်၊ မှတ်မိနေကြတာကိုး" လို့ အင်းနရစ် က ပြောပါတယ်။