
ဘာစီလိုနာကြယ်ပွင့်နှစ်ဦးအကြောင်း ထုတ်ဖော်ပြောကြားလာတဲ့ စပိန်နည်းပြဒီလာဖွန်တေ
စပိန်လက်ရွေးစင်အသင်းနည်းပြဒီလာဖွန်တေက ပြင်သစ်နဲ့ရင်ဆိုင်ရမယ့် နေးရှင်းလိဂ်ဆီမီးဖိုင်နယ်အတွက် သူ့ရဲ့လူစာရင်းကိုထုတ်ပြန်ကြေညာရာမှာ ဘာစီလိုနာကြယ်ပွင့်ခြောက်ဦးကို ရွေးချယ်ခဲ့ပါတယ်။ လတ်တလောစပိန်လက်ရွေးစင်အသင်းလူစာရင်းမှာပါဝင်လာတဲ့ ဘာစီလိုနာကစားသမားတွေကတော့ ဂါဗီ၊ ဖာမင်းလိုပက်ဇ်၊ ဒါနီအိုလ်မို၊ ပက်ဒရီ၊ ပါအူကူဘာစီနဲ့ လမိုင်းယာမယ်လ်တို့ပဲ ဖြစ်ပါတယ်။
အသင်းလူစာရင်းကိုကြေညာပြီးနောက် ဒီလာဖွန်တေက ဘာစီလိုနာကစားသမားအချို့နဲ့ပတ်သက်လို့ သူ့ရဲ့အတွေးအမြင်ကို ဝေမျှလာခဲ့ပြီး လမိုင်းယာမယ်လ်အတွက် ဂုဏ်ပြုချီးကျူးမှုကိုလည်း မချန်လှပ်ထားခဲ့ပါဘူး။ ဒီလာဖွန်တေက “ ဘုရားသခင်ရဲ့တန်ခိုးတော်နဲ့ လမိုင်းယာမယ်လ်ကို ဖန်တီးပေးထားတာပါ။ သူက စပါယ်ရှယ်ကစားသမားတစ်ဦး ဖြစ်ပါတယ်။ သူ့အတွက် ဘယ်လိုစီမံခန့်ခွဲပေးရမလဲဆိုတာ သိထားဖို့ လိုအပ်ပါတယ်။ ယာမယ်လ်နဲ့ သူ့ရဲ့ကလပ်အသင်းကတော့ အရမ်းကောင်းမွန်အောင် လုပ်ဆောင်ထားပါတယ်။ သူက ဒီအသက်အရွယ်မှာပဲ အလွန်ရင့်ကျက်နေပြီး အခြေအနေတွေကို သဘာဝကျကျကိုင်တွယ်တက်နေပါပြီ။ ယာမယ်လ်က အသက်-၁၇ နှစ်သာ ရှိသေးပြီး ဂန္တဝင်ဘောလုံးသမားတစ်ဦး ဖြစ်လာနိုင်တယ်ဆိုတာကို သိထားကြပါစို့။
သူက တောက်ပတဲ့အနာဂတ်တစ်ခုကို ပိုင်ဆိုင်ထားတဲ့ ဘောလုံးသမားတစ်ဦးပါ။ ဒါပေမယ့် ဒီနေ့၊ လမိုင်းယာမယ်လ်ရဲ့အခြေအနေကို ကျွန်တော်တို့ စောင့်ကြည့်နေဆဲပဲ ဖြစ်ပါတယ်။ နောက်သုံးလေးနှစ်အကြာမှာ ယာမယ်လ်က အခုထက် ပိုကောင်းမွန်လာပါလိမ့်မယ်။ သူသာ ကြံ့ခိုင်နေမယ်ဆိုရင် ကျွန်တော်တို့အတွက် ကြီးကျယ်ခမ်းနားတဲ့ ဂန္တဝင်ဘောလုံးသမားတစ်ဦး ဖြစ်လာပါလိမ့်မယ်။
တခါတရံမှာ အသေးစိတ်အချက်အလက်တွေကပဲ ဘော်လွန်းဒီအော်ဆုကို ဆုံးဖြတ်ပေးပါတယ်။ ယာမယ်လ် ဘယ်အချိန်မှာ ဘော်လွန်းဒီအော်ဆုရရှိမလဲဆိုတာ ကျွန်တော် မသိပါဘူး။ ဒါပေမယ့် ဒီဆုကို ယာမယ်လ် သေချာပေါက် ရရှိပါလိမ့်မယ်။ ဒီခြေစွမ်းကို ဆက်ထိန်းထားဖို့လည်း သူ ဆုံးဖြတ်ထားပါတယ်။ အခုဘောလုံးရာသီမှာလည်း သူ့ရဲ့ခြေစွမ်းကို ကျွန်တော်တို့ မြင်တွေ့ခဲ့ပြီးပါပြီ။
ဒါပေမယ့် အရေးအကြီးဆုံးအရာကတော့ ပရော်ဖက်ရှင်နယ်ကစားသမားသက်တမ်းတလျှောက်လုံး အခုလိုမျိုး ဆက်လုပ်သွားနိုင်ဖို့ပဲ ဖြစ်ပါတယ်။ အခုအရှိန်အဟုန်တိုင်းသာ ဆက်သွားမယ်ဆိုရင် ဘော်လွန်းဒီအော်ဆုကို ယာမယ်လ် သေချာပေါက်ရရှိပါလိမ့်မယ်”လို့ ပြောပါတယ်။
ဆက်လက်ပြီး စပိန်လက်ရွေးစင်အသင်းနည်းပြက ဒူးအရွတ်စုတ်ပြဲဒဏ်ရာမှပြန်လာနိုင်ပြီဖြစ်တဲ့ ဂါဗီကို ရွေးချယ်ဖြစ်ပုံအကြောင်း ရှင်းပြသွားပါတယ်။ ဒီလာဖွန်တေက “ ဒါလည်း သဘာဝကျတဲ့ ဖြစ်စဉ်တစ်ခုပါ။ ဒီဒဏ်ရာအမျိုးအစားဆိုတာ အချိန်ပေးရပါတယ်။ ဆေးကုသမှုရှင်းရှင်းလင်းလင်းဖြစ်နေဖို့ဆိုတာ အရေးပါသလို ကစားသမားရဲ့စွမ်းဆောင်ရည်ပိုင်းကလည်း နောက်ထပ်အရေးကြီးတဲ့အချက်တစ်ခု ဖြစ်ပါတယ်။
ဂါဗီရဲ့အဆင့်အတန်းက အမြင့်ဆုံးမှာရှိနေပေမယ့် သူဆက်သွားရမယ့်ခရီးလမ်းက ရှည်လျားလှသလို အလုပ်တွေ ဆက်လုပ်နိုင်ဖို့လည်း လိုအပ်ပါတယ်။ သူက ဒီလုပ်ငန်းစဉ်ထဲမှာ ရှိနေပြီး အခုဆိုရင် အလွန်မြင့်မားတဲ့အဆင့်အတန်းမျိုးမှာ ရောက်ရှိနေပါတယ်။ သူက ကျွန်တော်တို့အတွက် အလွန်အရေးကြီးတဲ့ ကစားသမားတစ်ဦး ဖြစ်ပါတယ်။ အသင်းအတွက်ပြန်ကစားပေးဖို့ သူရောက်ရှိလာမှာဖြစ်ပြီး အခုလိုပါဝင်လာမှုအတွက် ကျွန်တော်တို့ ဂုဏ်ပြုပေးနေပါတယ်”လို့ ဆိုပါတယ်။
ဂါဗီက ဂျော်ဂျီယာနဲ့ရင်ဆိုင်ရချိန် စပိန်လက်ရွေးစင်အသင်းမှာ ပါဝင်ကစားခဲ့ပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့ကာ လက်ရွေးစင်အသင်းအတွက် မကစားပေးနိုင်တော့ပါဘူး။ သူ့ရဲ့ပြန်လာနိုင်မှုက အသင်းနဲ့ ကစားသမားအတွက် ခွန်အားတစ်ရပ် ဖြစ်စေပါလိမ့်မယ်။