The network connection is lost.

Banner Image

အမှတ်ဖြတ်ဦးဆောင်ထားပေမယ့် သတိအပြည့်ရှိနေတဲ့ လီဗာပူးနည်းပြအန်းစလော့

မန်စီးတီးကို ၂-၀ ဂိုးဖြင့်အနိုင်ယူပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ၁၁ မှတ်အထိ အသာစီးရရှိအောင် စွမ်းဆောင်ထားနိုင်ပေမယ့် လီဗာပူးနည်းပြအန်းစလော့က ကျေနပ်တင်းတိမ်မှုမရှိဖို့ သတိပေးလာခဲ့ပါတယ်။ အခုအချိန်မှာ လီဗာပူးက လိဂ် ၂၇ ပွဲကစား၊ ၆၄ မှတ်အထိ ရရှိထားပြီး အမှတ်ပေးဇယားဒုတိယနေရာရှိ၊ တစ်ပွဲလျော့ အာဆင်နယ်(၅၃ မှတ်)ထက် ၁၁ မှတ်အထိ အသာစီးရရှိအောင် စွမ်းဆောင်ထားနိုင်ပါတယ်။

တနင်္ဂနွေနေ့၊ သတင်းထောက်တွေနဲ့တွေ့ဆုံချိန် အန်းစလော့က “အခြားလိဂ်ပြိုင်ပွဲတွေမှာတော့ အခုလိုဦးဆောင်ထားနိုင်မှုက အရမ်းကိုသက်သောင့်သက်သာဖြစ်စေပါလိမ့်မယ်။ ပရီးမီးယားလိဂ်မှာတော့ အဲ့ဒီလိုမျိုး မရပါဘူး။ ကျွန်တော်တို့တွေ အခြေအနေကောင်းတစ်ခုမှာ ရှိနေပေမယ့် ဝုဗ်ကို အနိုင်ရရှိဖို့(ပြီးခဲ့တဲ့သီတင်းပတ်၊ အန်ဖီးလ်ကွင်းမှာ လီဗာပူးက ၂-၁ ဂိုးဖြင့် ခက်ခက်ခဲခဲအနိုင်ရရှိတဲ့ ပရီမီးယားလိဂ်ပွဲစဉ်) ဘယ်လောက်အထိ ခက်ခက်ခဲခဲဖြတ်သန်းခဲ့ရသလဲဆိုတာကို ကျွန်တော်တို့ ကောင်းကောင်းသိပါတယ်”လို့ ပြောပါတယ်။

အန်းစလော့က လာမယ့်ဗုဒ္ဓဟူးနေ့၊ နယူးကာဆယ်နဲ့ပွဲစဉ်ကိုလည်း နောက်ထပ်ခက်ခဲမယ့်ပွဲစဉ်တစ်ခုအဖြစ်  ရှုမြင်ထားပါတယ်။ ငှက်ကျားတွေက ပြီးခဲ့တဲ့ဒီဇင်ဘာလအတွင်း စိန့်ဂျိမ်းစ်ပတ်မှာ ကြိုးကြာနီတွေနဲ့ တစ်ဖက်သုံးဂိုးစီ သရေကစားခဲ့သလို နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်မှာလည်း ကြွေတက်နေတဲ့ နော်တင်ဟမ်ဖောရက်စ်ကို ၄-၃ ဂိုးဖြင့် အနိုင်ယူခဲ့ပါတယ်။

အန်းစလော့က “ အခု ကျွန်တော်တို့က နယူးကာဆယ်နဲ့ ယှဉ်ပြိုင်ကစားရပါမယ်။ ကျွန်တော်တို့တွေ သုံးဂိုးစီသရေကျခဲ့ပါတယ်။ ကျွန်တော့်အမြင်အရ ဒါက ကောင်းမွန်တဲ့ရလဒ်တစ်ခုပါ။ ဒါပေမယ့် ကျွန်တော်တို့ဆီမှာ ဒီပြိုင်ဆိုင်မှု ဘယ်လောက်အထိခက်ခဲသလဲဆိုတာနဲ့ပတ်သက်တဲ့ အတွေ့အကြုံလည်း ရှိပါတယ်။ အောင်မြင်မှုဆီ အရောက်သွားနိုင်ဖို့ နေ့စဉ်နေ့တိုင်း အလုပ်တွေ လုပ်သွားရပါမယ်။ ဒီဦးဆောင်မှုကို ထိန်းသိမ်းထားနိုင်ဖို့ သုံးလလောက် အလုပ်တွေကို ပြင်းပြင်းထန်ထန် လုပ်သွားရပါမယ်။ လျှို့ဝှက်ထားစရာ ဘာမှမရှိပါဘူး။ ကျွန်တော်တို့တွေ ၁၁ မှတ်အသာစီးရရှိထားပေမယ့် အာဆင်နယ်မှာ လက်ကျန်ပွဲစဉ်တစ်ခု ရှိနေပါတယ်”လို့ ပြောပါတယ်။