အသင်းကစားသမားတွေဆီမှ အခုထက်ပိုပြီး မတောင်းဆိုနိုင်တော့ဘူးလို့ ရှင်းပြလိုက်တဲ့ အန်းစလော့
အမှတ်ပေးဆုဖလားပြိုင်ဘက်နော်တင်ဟမ်ဖောရက်စ်နဲ့ရင်ဆိုင်ရတဲ့ပွဲစဉ်အတွင်း သူ့ရဲ့အသင်းဆီမှ အခုထက်ပိုပြီး မတောင်းဆိုနိုင်တော့ဘူးလို့ လီဗာပူးနည်းပြအန်းစလော့က ပြောပါတယ်။ ဒီနေ့မနက်ပိုင်း၊ City Ground ကွင်းမှာ ကစားခဲ့ရတဲ့ ပွဲစဉ်အတွင်း နော်တင်ဟမ်ဖောရက်စ်က ပုံစံကောင်းပြသနေတဲ့ တိုက်စစ်မှူးခရစ်ဝုဒ်ရဲ့သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပြီး လီဗာပူးအတွက် ဒုတိယပိုင်းပွဲချိန်မှာ ဂျိုတာက ခေါင်းတိုက်ချေပဂိုးရယူပေးခဲ့လို့ တစ်ဖက်တစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့ပါတယ်။
လီဗာပူးက နူနိုဆန်းတို့စ်ရဲ့အသင်းနဲ့ရင်ဆိုင်ရချိန် အကောင်ဆုံးခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပေမယ့် အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ခြောက်မှတ်အသာနဲ့ ဆက်လက်ရပ်တည်နိုင်ခဲ့ပါတယ်။ ပွဲစဉ်အပြီး အန်းစလော့က သူ့အသင်းကစားသမားတွေရဲ့ကြိုးစားအားထုတ်မှုအပေါ် အလျှင်အမြန်ပဲ ချီးကျူးသွားခဲ့ပါတယ်။ ဒတ်ချ်လူမျိုးနည်းပြက “ဒီနေ့ပွဲစဉ်အတွက် ကျွန်တော့်အနေနဲ့ အခုထက်ပိုပြီးတော့ မတောင်းဆိုနိုင်တော့ပါဘူး။ ဒုတိယပိုင်းစွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး လူအတော်တော်များများရဲ့ အပေါင်းလက္ခဏာဆောင်တဲ့ ပြောဆိုဆွေးနွေးမှုတွေ ရှိလိမ့်မယ်လို့ ထင်ပါတယ်။ ဒါပေမယ့် အခုလိုပုံစံကောင်းရနေတဲ့ အသင်းကို အခုလိုကွင်းမျိုးမှာ ယှဉ်ပြိုင်ကစားရမယ်ဆိုရင် အဲ့ဒီလိုပွဲစဉ်တိုင်းမှာ အခွင့်အရေးတစ်ခုတော့ ခက်ခက်ခဲခဲခွင့်ပြုရလေ့ရှိပြီး တန်ပြန်တိုက်စစ်ခြိမ်းခြောက်မှုတွေနဲ့လည်း အများကြီးရင်ဆိုင်ရပါလိမ့်မယ်။
စုစုပေါင်းပွဲချိန် ၉၈ မိနစ်မှာ တန်ပြန်တိုက်စစ်တစ်ကြိမ်ပဲ ကျွန်တော်တို့ ခွင့်ပြုပေးခဲ့ရပါတယ်။ ဒီအချက်ကပဲ ပွဲရဲ့ရလဒ်ကို လုံးဝလွှမ်းမိုးသွားခဲ့ပါတယ်။ ဦးဆောင်ဂိုးပေးလိုက်ရချိန်မှာ အခုလိုပြိုင်ဘက်ကောင်းကို ဂိုးပြန်သွင်းနိုင်ဖို့အတွက် အရမ်းခက်ခဲသွားပါတယ်။ ဒါက ကျွန်တော်တို့ လိုချင်ခဲ့တဲ့ပုံစံမျိုးတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့က ရမှတ်သုံးမှတ်အပြည့် လိုချင်ခဲ့တာပါ။ ဒါပေမယ့် ကျွန်တော်နဲ့ ပရိသတ်တွေ လိုချင်နေတဲ့အရာအတွက် ကစားသမားတွေက ပွဲစဉ်တိုင်းမှာ ရှိသမျှအရာအားလုံးကိုစွန့်လွှတ်ပြီး ပေးဆပ်ကစားခဲ့ပါတယ်။ ဒီနေ့မှာ ကစားသမားတွေ လုပ်ဆောင်ခဲ့တဲ့အရာက ဒါပါပဲ”လို့ ပြောပါတယ်။
အခုပွဲစဉ်ရလဒ်ပိုင်းက နော်တင်ဟမ်ဖောရက်စ်အတွက် အထင်ကြီးလောက်စရာဖြစ်ခဲ့ပေမယ့် ဂျိုတာ၊ ဂတ်ပိုတို့ရဲ့ဒုတိယပိုင်းဂိုးပေါက်ခြိမ်းခြောက်မှုတွေကို ကာကွယ်ခဲ့တဲ့ ဂိုးသမားမက်စ်ဆဲဇ်ရဲ့လက်စွမ်းကတော့ ချီးကျူးစရာဖြစ်ခဲ့ပါတယ်။ နော်တင်ဟမ်ဖောရက်စ်ကို ချန်ပီယံဆုဖလားပြိုင်ဘက်အဖြစ် ရှုမြင်ထားသလားဆိုတဲ့ မေးခွန်းအပေါ် အန်းစလော့က “ ကံကောင်းနေလို့သာ သူတို့အသင်း အခုလိုရပ်တည်နိုင်တာလို့ ကျွန်တော် မထင်ထားခဲ့ပါဘူး။ သူတို့နဲ့ယှဉ်ပြိုင်ကစားရတာ အသင်းတိုင်းအတွက် ခက်ခဲပါတယ်။ သူတို့တွေက မန်စီးတီး၊ မန်ချက်စတာယူနိုက်တက်၊ အာဆင်နယ်တို့အပြင် ကျွန်တော်တို့နဲ့ရင်ဆိုင်ရတဲ့ အဝေးကွင်းပွဲစဉ်တွေမှာပါ အခက်အခဲအချို့ကို ဖန်တီးပြခဲ့ပါတယ်။ သူတို့တွေဟာ အမှတ်ပေးဇယားထိပ်ဆုံးနေရာအတွက် ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့အသင်းတစ်ခုဖြစ်တယ်ဆိုတာကို ဒီအချက်က ပြသပေးနေပါတယ်”လို့ ပြောပါတယ်။
အန်းစလော့ရဲ့ပြိုင်ဘက် နူနိုဆန်းတို့စ်ကလည်း အံ့ဖွယ်နော်တင်ဟမ်ဖောရက်စ်အသင်းရဲ့စွမ်းဆောင်ရည်ပိုင်းကို ချီးကျူးခဲ့သလို အိမ်ကွင်းပွဲစဉ်အတွင်း ထူးခြားတဲ့အငွေ့အသက်တွေ ဖန်တီးပြသခဲ့တဲ့ ပရိသတ်တွေကိုလည်း ချီးမွှမ်းပြောဆိုခဲ့ပါတယ်။ နူနိုဆန်းတို့စ်က “ကျွန်တော်တို့ ပြိုင်ဆိုင်သွားလိုတဲ့ ပုံစံမျိုးဖြစ်လို့ အခုပွဲစဉ်က ကျွန်တော်တို့အတွက် သင်ခန်းစာတစ်ခု ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့အသင်း ယှဉ်ပြိုင်ကစားခဲ့ပုံနဲ့ပတ်သက်လို့ အရမ်းဂုဏ်ယူမိပါတယ်။
ဒီပွဲစဉ်မှာဆိုရင်လည်း ကွင်းအတွင်း ထူးရှယ်အငွေ့အသက်တစ်ခု ရှိခဲ့ပါတယ်။ အခုလိုအချိန်မျိုးမှာ ကျွန်တော် အမှတ်ပေးဇယားကို မကြည့်ပါဘူး။ ကျွန်တော်တို့ အခုလိုပုံစံအတိုင်း ဆက်သွားရပါဦးမယ်”လို့ ပြောပါတယ်။