The network connection is lost.

Banner Image

နည်းပြသစ် ရှာပုံတော်ခရီးစဉ်မှာ ထိုးနှက်ချက်ကြီးတစ်ခုနဲ့ ရင်ဆိုင်နေရတဲ့ လီဗာပူး

ဘိုင်ယန်မြူးနစ်က အသင်းရဲ့နည်းပြသစ်အဖြစ် အလွန်ဆိုကို ခန့်အပ်နိုင်ရေးအတွက် လက်ရှိကလပ်ဖြစ်တဲ့ လေဗာကူဆင်နဲ့ ဆွေးနွေးမှုတွေ စတင်နေခဲ့ပြီလို့ ဂျာမနီ သတင်းရင်းမြစ်တွေရဲ့ ဖော်ထုတ်လာမှုနဲ့အတူ စပိန်သားကို နည်းပြသစ်အဖြစ်ခန့်အပ်နိုင်ရေးပြိုင်ပွဲမှာ လီဗာပူးတို့ ထိုးနှက်ချက်ကြီးတစ်ခုနဲ့ ရင်ဆိုင်လိုက်ရပါတယ်။
 
လေဗာကူဆင်နည်းပြအဖြစ် ပထမဆုံး ရာသီပြည့်ကာလကို ဖြတ်သန်းနေချိန်မှာပဲ အလွန်ဆိုက အသင်း သမိုင်းတလျှောက်ပထမဆုံးအကြိမ်ဘွန်ဒက်စ်လီဂါ ချန်ပီယံဆု ရရှိနိုင်မယ့် အနီးစပ်ဆုံး အခြေအနေအထိ စွမ်းဆောင်ပြထားပါတယ်။
 
လက်ရှိမှာ လေဗာကူဆင်က အခုဘောလုံးရာသီကို ရှုံးပွဲမရှိဖြတ်သန်းနေပြီး ဂျာမန်ဘီလူးကြီးဘိုင်ယန်မြူးနစ်ကို ၁၀ မှတ်ဖြတ်ကာ အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ပြတ်ပြတ်သားသားရပ်တည်နေပါတယ်။ ဒါ့အပြင် နောက်ဆုံးကစားတဲ့ပွဲစဉ်ငါးခုကိုလည်း အနိုင်ကစားထားပါတယ်။
 
ဒီပွဲစဉ်ငါးခုအနက် ဘိုင်ယန်မြူးနစ်ကို သုံးဂိုးပြတ် အနိုင်ရရှိတဲ့ ပွဲစဉ်လည်း ပါဝင်ပြီး အဲ့ဒီပွဲစဉ်အပြီးမှာပဲ လက်ရှိဘွန်ဒက်စ်လီဂါ ချန်ပီယံတွေက အသင်းနည်းပြဖြစ်သူ သောမတ်စ်တူချယ်နဲ့ လမ်းခွဲတော့မယ်လို့ တရားဝင်ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်ကလည်း အလွန်ဆိုကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ ဆန္ဒရှိနေပြီး Sky Sports Germany ရဲ့ တင်ဆက်မှုအရ စပိန်သားနည်းပြကို လာမယ့်နွေရာသီမှာ ခေါ်ယူနိုင်မယ့် အလားအလာတွေနဲ့ပတ်သက်ပြီး ဘွန်ဒက်စ်လီဂါထိပ်သီးကလပ်ဟာ လေဗာကူဆင်အသင်းဆီဆက်သွယ်မှု ပြုလုပ်ထားတယ်လို့ သိရပါတယ်။
 
အလွန်ဆိုက ဘိုင်ယန်မြူးနစ်အတွက် တူချယ်နေရာ ဆက်ခံသူဖြစ်လာဖို့ ဦးစားပေးရွေးချယ်ထားသူဖြစ်ပြီး ကွင်းလယ်ကစားသမားဟောင်း ကိုယ်တိုင်ကလည်း ဒီအပြောင်းအရွှေ့ကို အကောင်အထည်ဖော်သွားဖို့ အပြုသဘောဆောင်တဲ့ အချက်ပေးမှုတစ်ခု ပြုလုပ်ထားတယ်လို့ သတင်းမှာ ဆက်လက်ဖော်ပြခဲ့ပါတယ်။ Sky Sports Germany ရဲ့ သတင်းထောက် ပလက်တန်ဘတ်ချ်က အလွန်ဆိုအနေဖြင့် ဘိုင်ယန်မြူးနစ်ဆီ ပြောင်းရွှေ့ဖို့ အလားအလာပိုများလာပြီလို့ ရှင်းပြခဲ့ပါတယ်။
 
သူက “အလွန်ဆိုသာ အပြောင်းအရွှေ့ပြုလုပ်ဖို့စိတ်ကူးလာမယ်ဆိုရင် လီဗာပူးဆီ သွားမှာမဟုတ်ဘဲ ဘိုင်ယန်မြူးနစ်ဆီပဲ ရောက်သွားလိမ့်မယ်ဆိုတဲ့ သတင်းအချက်အလက်တွေ ရှိထားပါတယ်။ လီဗာပူးနဲ့ ယာဂန်ကလော့ပ်ရဲ့ အမွေအနှစ်တွေကို ဆက်ခံဖို့ဆိုတာ ခက်ခဲတဲ့အရာတစ်ခုဖြစ်တယ်လို့ အလွန်ဆိုက ပြောပါတယ်။ ဒီပွဲစဉ်မှာတော့ လီဗာပူးအတွက် အနိုင်ရဖို့ထက် ရှုံးနိမ့်သွားဖို့က ပိုများနေပါတယ်”လို့ ပြောပါတယ်။
 
အခုဘောလုံးရာသီကုန်ဆုံးချိန်မှာ အသင်းမှ ထွက်ခွာတော့မယ်ဆိုတဲ့ ယာဂန်ကလော့ပ်ရဲ့ အံ့ဖွယ်ကြေညာချက်တစ်ခုအပြီး လီဗာပူးက အခုနွေရာသီကာလမှာ နည်းပြသစ်တစ်ဦးခန့်အပ်နိုင်ဖို့ ဈေးကွက်အတွင်း ရှိနေပါလိမ့်မယ်။ ကလော့ပ်က နေ့စဉ်တာဝန်တွေ ဆက်လက်ထမ်းဆောင်ဖို့ ခွန်အားတွေ မရှိတော့ဘူးလို့ ဝန်ခံရင်း အနည်းဆုံးတစ်နှစ်လောက်အထိ အနားယူသွားဖို့ မျှော်လင့်ထားတယ်လို့ ပြောဆိုခဲ့ပါတယ်။
 
အခုလိုအခြေအနေတွေကြောင့် လီဗာပူး ကစားသမားဟောင်း အလွန်ဆိုက မာဆေးဆိုဒ်မှာ နည်းပြသစ်ဖြစ်လာတော့မယ်ဆိုတဲ့ သတင်းတွေ အတော်လေးထွက်ပေါ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် လတ်တလောတိုးတက်ဖြစ်ပေါ်လာတဲ့ အခြေအနေတွေအရ ဘရိုက်တန်နည်းပြ ဒီဇာဘီ သို့မဟုတ် စပို့တင်းလစ္စဘွန်းရဲ့ အာမိုရင်းတို့က အန်ဖီးလ်ကလပ်အတွက် နောက်ထပ်ရွေးချယ်စရာနည်းပြတွေ ဖြစ်လာနိုင်ပါတယ်။