
အီဆက်ခ်ကိုခေါ်ယူဖို့ အပြောင်းအရွှေ့နောက်ဆုံးရက်မှာ နယူးကာဆယ်နဲ့ သဘောတူညီမှုရရှိခဲ့တဲ့ လီဗာပူး
လီဗာပူးအသင်းက အီဆက်ခ်အတွက် နယူးကာဆယ်နဲ့ ပေါင် ၁၂၅ သန်းတန်သဘောတူညီမှုတစ်ခု ရရှိခဲ့ပြီး တိုက်စစ်မှူးကိုယ်တိုင်လည်း အပြောင်းအရွှေ့နောက်ဆုံးရက်မှာ သူ့ရဲ့အပြောင်းအရွှေ့ကို အပြီးသတ်လုပ်ဆောင်သွားဖို့ ရှိနေပါတယ်။
ယမန်နေ့(တနင်္ဂနွေနေ့)ညပိုင်းမှာ ကလပ်အသင်းနှစ်ခုအကြား ဆွေးနွေးမှုတွေ အရှိန်အဟုန်ဖြင့်ထွက်ပေါ်လာပြီးနောက် လတ်တလောမှာတော့ သဘောတူညီမှုတစ်ခုအတွက် အခြေခံအုတ်မြစ်ကို ချမှတ်နိုင်ခဲ့ပါတယ်။ ဒါကြောင့် ဆွီဒင်သားက တနင်္လာနေ့မနက်ခင်းပိုင်းမှာပဲ မာဆေးဆိုဒ်ဆီထွက်ခွာဖို့ရှိနေပြီး ခြောက်နှစ်သက်တမ်းရှိစာချုပ်တစ်ရပ်မှာ လက်မှတ်ရေးထိုးသွားပါလိမ့်မယ်။
နယူးကာဆယ်အသင်းနဲ့နီးစပ်တဲ့သတင်းရင်းမြစ်တွေကလည်း ဆော်ဒီလူမျိုးကလပ်အသင်းပိုင်ရှင်တွေဘက်မှ ဒီအပြောင်းအရွှေ့ကိုမလုပ်ဆောင်ဖို့ တားမြစ်ခဲ့ပေမယ့် အီဆက်ခ်ကိုရောင်းချနိုင်မှုကြောင့် ပေါင်သန်း ၁၃၀ အထိ ရရှိလိမ့်မယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ဘောလုံးရာသီကုန်ပိုင်းမှာ အသင်းမှထွက်ခွာချင်တယ်လို့ အီဆက်ခ်ကိုယ်တိုင် တင်ပြလာပြီးနောက် ငှက်ကျားတွေက အခုနွေရာသီတလျှောက်လုံး ဆွီဒင်သားနဲ့ပြန်ပြေလည်စေဖို့ လမ်းဖွင့်ပေးထားခဲ့ပါတယ်။ အသင်းထိပ်တန်းတာဝန်ရှိသူတွေကိုယ်တိုင် ပြီးခဲ့တဲ့တနင်္လာနေ့မှာ အီဆက်ခ်ဆီ သွားရောက်စည်းရုံးပြီး ကစားသမားကို အသင်းမှာဆက်ထိန်းထားနိုင်ဖို့ မျှော်လင့်ခဲ့ပေမယ့် မဖြစ်လာခဲ့ပါဘူး။
အီဆက်ခ်က နယူးကာဆယ်အသင်းတာဝန်ရှိသူတွေဆီ သူ့ရဲ့စိတ်ကူးဆန္ဒကို မပြောင်းလဲသေးဘဲ အသင်းမှထွက်ခွာမယ်လို့ တင်ပြခဲ့ပါတယ်။ ကစားသမားရဲ့အေးဂျင့် ဗလာဒိုလီမစ်က အီဆက်ခ်ထွက်ခွာနိုင်ရေးအတွက် ကန့်လန်ကာနောက်ကွယ်ဆွေးနွေးမှုတွေကို အခုသီတင်းပတ်တလျှောက်လုံး လုပ်ဆောင်နေခဲ့ပါတယ်။ တနင်္ဂနွေနေ့နှောင်းပိုင်းမှာတော့ ကလပ်အသင်းနှစ်ခုအကြား သဘောတူညီမှုတစ်ခု ရရှိခဲ့ပါတယ်။
နယူးကာဆယ်က ဂျာမနီတိုက်စစ်မှူးဝေါ်တီမိတ်ကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးပေါင် ၆၉ သန်းဖြင့် ခေါ်ယူခဲ့ပြီး ဝှစ်ဆာကိုပါခေါ်ယူဖို့ ရည်မှန်းထားပေမယ့် ဘရန့်ဖို့ဒ်တောင်းဆိုထားတဲ့ ပေါင် ၆၅ သန်းဆိုတဲ့ ဈေးနှုန်းကြောင့် အောင်မြင်မှုရရှိဖို့ မနီးစပ်သေးပါဘူး။