The network connection is lost.

Banner Image

အာဂျင်တီးနားလက်ရွေးစင်အဖြစ်ကနေ အနားယူဖို့ ဆုံးဖြတ်ချက်အပေါ် သေသေချာချာ စဉ်းစားဖို့ တိုက်တွန်းခြင်းခံထားရတဲ့ မက်ဆီ

ဘယ်သူမှ သူ့ရဲ့ဆုံးဖြတ်ချက်အတွက် ‘ကြိုတင်ပြင်ဆင်ထားခြင်း မရှိသေး’တဲ့အတွက် အာဂျင်တီးနားလက်ရွေးစင်အသင်းကနေ အနားယူဖို့ ဆုံးဖြတ်ချက်ကို သေသေချာချာ စဉ်းစားဖို့ လီယွန်နယ် မက်ဆီက တိုက်တွန်းခြင်းခံထားရပါတယ်။

ဘော်လွန်းဒီအော်ဆု ၈ ကြိမ်ရရှိထားတဲ့ လီယွန်နယ် မက်ဆီဟာ ၂၀၀၅ ခုနှစ်ကတည်းက အာဂျင်တီးနားအသင်းနဲ့အတူ ပါဝင်ခဲ့ပြီး အခုဆိုရင် နှစ် ၂၀ ပြည့်မြောက်တော့မှာပဲ ဖြစ်ပါတယ်။ မက်ဆီဟာ ဒီနှစ်ပေါင်း ၂၀ အတွင်းမှာ လက်ရွေးစင်အသင်းအတွက် ၁၉၃ ပွဲ ကစားထားနိုင်ခဲ့ပြီး ၁၁၂ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။

သူဟာ ၂၀၀၈ ခုနှစ်တုန်းက အိုလံပစ် ရွှေတံဆိပ်ဆု ရယူနိုင်ခဲ့သလို ပြီးခဲ့တဲ့နှစ်တွေက ကမ္ဘာ့ဖလားနဲ့ ကိုပါအမေရိကဖလား ၂ ကြိမ် ရယူနိုင်အောင်လည်း နိုင်ငံအတွက် ကူညီပေးနိုင်ခဲ့ပါတယ်။ အခုဆိုရင် အသက် ၃၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မက်ဆီရဲ့ သမိုင်းဝင်ကစားသမားဘဝ ပြီးဆုံးတော့မယ်ဆိုတာကို အာဂျင်တီးနားနိုင်ငံက လက်ခံထားကြပြီး ဖြစ်ပါတယ်။

မက်ဆီကတော့ ၂၀၂၆ ကမ္ဘာ့ဖလားအပြီးမှာ လက်ရွေးစင်ဘဝကနေ အနားယူမှာဖြစ်ကြောင်း အရိပ်အမြွက် ပြောကြားခဲ့ပြီး ကြာသပတေးနေ့မှာ ဗင်နီဇွဲလားနဲ့ ရင်ဆိုင်ရမယ့်ပွဲက အာဂျင်တီးနားအိမ်ကွင်းမှာ သူ့ရဲ့နောက်ဆုံး လက်ရွေးစင်ပွဲစဉ် ဖြစ်လာဖွယ်ရှိနေပါတယ်။ ‘ဒါဟာ ကျွန်တော့်အတွက် အရမ်းကို အထူးခြားဆုံးပွဲတစ်ပွဲ ဖြစ်လာမှာပါ။ ဒါက နောက်ဆုံးခြေစစ်ပွဲဖြစ်နေလို့ပါ။ ဗင်နီဇွဲလားပွဲစဉ်အပြီး ခြေစမ်းပွဲတွေ ဒါမှမဟုတ် တခြားပွဲတွေ ရှိသေးလားဆိုတာ ကျွန်တော် မသိပါဘူး။ ဒါပေမဲ့ ဒါက အရမ်းကို အထူးခြားဆုံးပွဲဖြစ်တဲ့အတွက် ကျွန်တော့်မိသားစု၊ ဇနီး၊ ကလေးတွေ၊ မိဘတွေ၊ ညီအစ်ကို မောင်နှမတွေလည်း ကျွန်တော့်နဲ့အတူ ရှိနေမှာပါ။ ကျွန်တော်တို့ အဲဒီလိုပဲ နေထိုင်သွားမှာပါ။ အဲဒီနောက်မှာ ဘာတွေဖြစ်လာမလဲဆိုတာ ကျွန်တော် မသိပါဘူး’ လို့ မက်ဆီက ပြောကြားခဲ့ပါတယ်။

အသက် ၃၈ နှစ်အရွယ်မှာ ကိုယ်တိုင်ကစားနေဆဲဖြစ်တဲ့ အာဂျင်တီးနားလက်ရွေးစင်အသင်းရဲ့ ဂိုးသမားဟောင်း ဖရန်ကို အာမာနီကတော့ မက်ဆီရဲ့ အနားယူတော့မယ့် အခြေအနေနဲ့ပတ်သက်လို့ မေးမြန်းတဲ့အခါ ‘အဲ့လို မဖြစ်ပါစေနဲ့လို့ မျှော်လင့်ပါတယ်။ သူ့ကို သေသေချာချာ ပြန်စဉ်းစားပါစေ။ အဲ့ဒီဆုံးဖြတ်ချက်အတွက် ဘယ်သူမှ ပြင်ဆင်ထားခြင်း မရှိသေးဘူးလို့ ကျွန်တော် ထင်ပါတယ်။ ကြာသပတေးနေ့ပွဲအပြီးမှာ သူ သေသေချာချာ စဉ်းစားပါစေ’ လို့ ရေးဗားပလိတ် ဖောင်ဒေးရှင်း ညစာစားပွဲမှာ ပြောကြားခဲ့ပါတယ်။

မက်ဆီဟာ လာမယ့်နွေရာသီမှာ ကမ္ဘာ့ဖလားချန်ပီယံဆုကို ကာကွယ်ဖို့ ဆက်လက်ကစားဖွယ်ရှိနေပေမယ့် အာဂျင်တီးနားအသင်းနဲ့ အင်တာ မိုင်ယာမီအသင်းမှာ သူ့ရဲ့အနာဂတ် ဘာဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရဦးမှာပါဖြစ်ကာ အင်တာ မိုင်ယာမီအသင်းနဲ့ လက်ရှိ စာချုပ်သစ်ကို ချုပ်ဆိုထားခြင်း မရှိသေးပါဘူး။