The network connection is lost.

Banner Image

ယူနိုက်တက်ထံကနေ ပိုကောင်းတဲ့ဆက်ဆံမှုမျိုး ရခဲ့သင့်တယ်လို့ ဖွင့်ဟပြောကြားလာတဲ့ လင်ဂတ်

ပရီးမီးယားလိဂ်ကြယ်ပွင့်ဟောင်း ဂျက်စီ လင်ဂတ်က မန်ယူနိုက်တက်အသင်းမှာ သူဟာ လျစ်လျူရှုခံခဲ့ရတယ်လို့ ဝန်ခံပြောဆိုလိုက်ပါတယ်။ အသက် ၃၂ နှစ်အရွယ် ကွင်းလယ်လူ လင်ဂတ်ဟာ ကိုရီးယားကလပ် အက်ဖ်စီဆိုးလ် နဲ့ စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက် လက်ရှိမှာ အသင်းလက်မဲ့ ဖြစ်နေသူပါ။

၂၀၂၁ ခုနှစ်တုန်းက သူဟာ ဝက်စ်ဟမ်းအသင်းဆီ အငှားနဲ့ သွားရောက်ကစားခဲ့ပြီး အဲဒီကာလဟာ သူ့ရဲ့ ကစားသမားဘဝမှာ အကောင်းဆုံးအချိန်တွေ ဖြစ်ခဲ့ပါတယ်။ ဝက်စ်ဟမ်းအတွက် ၁၆ ပွဲ ကစားပေးရာမှာ ၉ ဂိုး သွင်းယူပြီး ဂိုးဖန်တီးမှု ၅ ကြိမ် ပြုလုပ်နိုင်ခဲ့သလို အဲဒီအချိန်က ပရီမီယာလိဂ်ရဲ့ ခြေစွမ်းအရှိဆုံး ကစားသမားတွေထဲက တစ်ယောက် ဖြစ်ခဲ့ပါတယ်။

အငှားသက်တမ်း ကုန်ဆုံးပြီးနောက် လင်ဂတ်ဟာ အသင်းမှာ အစသစ် ပြန်စနိုင်ဖို့ မျှော်လင့်ချက်နဲ့ မန်ယူကို ပြန်လာခဲ့ပါတယ်။ ဒါပေမဲ့ သူမျှော်လင့်သလို ဖြစ်မလာခဲ့ဘဲ စာချုပ်သက်တမ်းကုန်ဆုံးတဲ့အထိ လူစားဝင် ကစားသမားအဖြစ်နဲ့သာ ပွဲစဉ်အနည်းငယ်မှာ ပါဝင်ခဲ့ရပါတယ်။

Sky Sport နဲ့ပြုလုပ်ခဲ့တဲ့အင်တာဗျူးမှာ လင်ဂတ်က "ဝက်စ်ဟမ်းကနေ ပြန်လာပြီးတဲ့နောက် ကျွန်တော် ပွဲထွက်ကစားခွင့် ရသင့်တယ်လို့ ခံစားခဲ့ရတယ်။ အဲဒီအချိန်က ကျွန်တော်ဟာ လိဂ်ရဲ့ အကောင်းဆုံး ကစားသမားတွေထဲက တစ်ယောက်ပါ။ ကစားသမားတစ်ယောက်အနေနဲ့ ပွဲတိုင်း ကစားချင်တာပေါ့။ ဟိုနားတစ်ပွဲ၊ ဒီနားတစ်ပွဲလောက်ပဲ ကစားရတာက တကယ်ကို ခက်ခဲပါတယ်။" လို့ပြောကြားခဲ့ပါတယ်။ 

မန်ယူမှာ ရှိစဉ်က လင်ဂတ်ဟာ ကွင်းပြင်ပ အပြုအမူတွေ (ဆိုရှယ်မီဒီယာ အသုံးပြုမှုများ) ကြောင့် ဝေဖန်မှုတွေ ကြုံခဲ့ရဖူးပါတယ်။ ဒီအပေါ်မှာလည်း သူက ပရိသတ်တွေရဲ့ အထင်အမြင် လွဲမှားခံရတာလို့ ယုံကြည်နေကြောင်းပြောကြားခဲ့ပါတယ်။ အင်္ဂလန်သားက "ကျွန်တော်က ပျော်ပျော်နေတတ်တဲ့သူ ဖြစ်ချင်တယ်၊ လူတွေရဲ့ မျက်နှာပေါ်မှာ အပြုံးတွေ ရှိစေချင်တယ်။ ဒါပေမဲ့ အလုပ်လုပ်ရမယ့် အချိန်ရောက်ရင်တော့ ကျွန်တော် အပြည့်အဝ အလုပ်လုပ်ပါတယ်" လို့ ပြောကြားသွားခဲ့ပါတယ်။