The network connection is lost.

Banner Image

မီယာမီမှာ ကျင်းပဖို့စီစဉ်ထားတဲ့သမိုင်းဝင်ပွဲစဉ်အတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေတဲ့ လာလီဂါ

လာလီဂါဘောလုံးအဖွဲ့ချုပ်က ဒီဇင်ဘာ ၂၀ ရက်၊ မီယာမီရှိ Hard Rock Stadium မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ဗီလာရီးရဲလ်နဲ့ ဘာစီလိုနာတို့ ထိပ်တိုက်တွေ့ဆုံမယ့် ပုံမှန်မဟုတ်သောလိဂ်ပွဲစဉ်အတွက် အစီအစဉ်တွေကို ချပြလာခဲ့ပါတယ်။ နောက်ဆုံးအတည်ပြုချက်ရရှိဖို့ စောင့်ဆိုင်းနေရပေမဲ့ ဒီပွဲစဉ်က မူရင်းနိုင်ငံပြင်ပမှာ ကျင်းပမယ့် ပထမဆုံးဥရောပထိပ်တန်းလိဂ်ပွဲစဉ်တစ်ခုအဖြစ် မှတ်တမ်းဝင်သွားပါလိမ့်မယ်။

စပိန်လိဂ်ပွဲစဉ်တွေကို နိုင်ငံတကာဈေးကွက်ဆီ မိတ်ဆက်ပေးလိုတဲ့ လာလီဂါရဲ့နှစ်ရှည်ကြိုးပမ်းမှုအတွက် အရေးပါတဲ့ခြေလှမ်းတစ်ရပ်ဖြစ်တဲ့ ဒီပွဲစဉ်ကို ဥရောပဘောလုံးအဖွဲ့ချုပ်က အခုသီတင်းပတ်အတွင်း မလွှဲသာမရှောင်သာခွင့်ပြုပေးပြီးနောက် သမိုင်းဝင်အစပျိုးမှုတစ်ခုအတွက် အတားအဆီးတစ်ခု လျော့ပါးသွားခဲ့ပါတယ်။

မူလအစီအစဉ်အရ ဗီလာရီးရဲလ်အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားရမယ့် ဒီဇင်ဘာလပွဲစဉ်က စပိန်လိဂ်အတွက်ရော၊ အမေရိကန်မှာရှိနေတဲ့ ဘောလုံးပရိသတ်တွေအတွက်ပါ အရေးပါလာပါလိမ့်မယ်။ ESPN သတင်းဌာနနဲ့တွေ့ဆုံချိန်မှာလည်း လာလီဂါဥက္ကဋ္ဌတီဘတ်စ်က “ အခုပွဲစဉ်အတွက် အစီအမံတွေ လက်တွေ့ကျကျပြီးဆုံးသွားပါပြီ”လို့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ESPN ရဲ့အဆိုအရ ဒီပွဲစဉ်ကို မီယာမီမှာကျင်းပဖို့အတွက် အမေရိကန်ဘောလုံးအဖွဲ့ချုပ်က ခွင့်ပြုပေးခဲ့ပြီး ကွန်ကာကပ်ဖ်ဇုန်ဘောလုံးအဖွဲ့ချုပ်ရဲ့ခွင့်ပြုချက်ရရှိဖို့သာ ကျန်တော့တယ်လို့ သိရပါတယ်။

ဥရောပဘောလုံးအဖွဲ့ချုပ်ကတော့ ပြည်တွင်းလိဂ်ပွဲစဉ်တွေကို နိုင်ငံရပ်ခြားမှာ ကျင်းပမှုအပေါ် ဆန့်ကျင်တယ်ဆိုတဲ့သဘောထားကို ရှင်းရှင်းလင်းလင်းပြသခဲ့ပေမဲ့ ဖီဖာရဲ့စည်းမျဉ်းစည်းကမ်းမူဘောင်အရ ဒီကိစ္စကိုပယ်ချဖို့အတွက် ရှင်းလင်းလုံလောက်တဲ့ အသေးစိတ်အချက်အလက်တွေ မတွေ့ရှိရသေးပါဘူး။

ဒါကြောင့် လက်ရှိစည်းမျဉ်းတွေကို ဖီဖာနဲ့ပူးပေါင်းထားတဲ့ အလုပ်အဖွဲ့တစ်ခုက ပြန်လည်သုံးသပ်နေပြီး ဥရောပဘောလုံးအဖွဲ့ချုပ်ကိုယ်တိုင်လည်း အနာဂတ်မှာ အခုလိုတောင်းဆိုလာမှုကို ပယ်ချနိုင်ဖို့ စည်းမျဉ်းတွေကို ခေတ်နဲ့အညီပြုပြင်သွားရန် ကတိကဝတ်ပြုခဲ့ပါတယ်။

တီဘတ်စ်ကတော့ ဒီလှုပ်ရှားမှု ကို လိဂ်အတွက်နဲ့ ကမ္ဘာလုံးဆိုင်ရာအားကစားတွေအတွက် အဓိပ္ပါယ်ဖွင့်ဆိုချက်အသစ်တစ်ခုအဖြစ် ဖော်ပြခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာဘောလုံးအားကစားဦးဆောင်သူအဖြစ် စပိန်နိုင်ငံရဲ့အခန်းကဏ္ဍကို မီးမောင်းထိုးတင်ပြခဲ့ပါတယ်။ ကြေညာချက်တစ်ခုမှာ တီဘတ်စ်က “ ဒါဟာ လာလီဂါနဲ့ ကမ္ဘာ့ဘောလုံးလောကအတွက် အထင်ကရအခိုက်အတန့်တစ်ခု ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံဆီ တရားဝင်ပွဲစဉ်တစ်ခုကို ယူဆောင်လာခြင်းဖြင့် မြောက်အမေရိကဒေသမှာရှိတဲ့ ပရိသတ်သန်းပေါင်းများစွာနဲ့ ချိတ်ဆက်နိုင်ရုံသာမက ကမ္ဘာလုံးဆိုင်ရာဘောလုံးအားကစားဦးဆောင်သူဆိုတဲ့ စပိန်နိုင်ငံရဲ့အခန်းကဏ္ဍကိုလည်း အားဖြည့်ပေးနိုင်ပါတယ်။ သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးရဲ့ပံ့ပိုးကူညီပေးမှုဖြင့် ဒီအစပျိုးမှုက သမိုင်းဝင်ရဲရင့်မှုတစ်ခု ဖြစ်လာပြီး နိုင်ငံရပ်ခြားမှာရှိတဲ့ လာလီဂါပရိသတ်တွေနဲ့ စပိန်ပြည်တွင်းမှာရှိတဲ့ ပရိသတ်တွေအတွက် ရည်ရွယ်ကာ ဒီဇိုင်းဆင်ပြုလုပ်ထားပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

အထူးသဖြင့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို အမေရိကန်၊ ကနေဒါ၊ မက္ကဆီကိုတို့မှာ ကျင်းပဖို့ စီစဉ်ထားမှုနဲ့အတူ အခုလိုသမိုင်းဝင်ပွဲစဉ်အတွက် မီယာမီကိုရွေးချယ်ခြင်းက မြောက်အမေရိကဈေးကွက်ရဲ့ဗျူဟာမြောက် အရေးပါမှုကို အထင်အရှားပြသပေးနေပါတယ်။

ESPN သတင်းဌာနနဲ့တွေ့ဆုံချိန် ဘာစီလိုနာဥက္ကဋ္ဌလာပေါ်တာက “ အမေရိကန်မှာရှိတဲ့ ကျွန်တော်တို့ရဲ့ပရိသတ်တွေနဲ့ ပြန်လည်ဆုံတွေ့နိုင်ဖို့ မျှော်လင့်နေပြီး ဗျူဟာမြောက်ဈေးကွက်တစ်ခုဆီ ပိုမိုနီးကပ်လာစေဖို့ အခွင့်အရေးပေးမှုအတွက်လည်း လာလီဂါကို အထူးကျေးဇူးတင်ရှိပါတယ်။ ကျွန်တော်တို့က ဒီနိုင်ငံဆီ နှစ်ပေါင်းများစွာလာရောက်လည်ပတ်ခဲ့ပြီး ဘာစီလိုနာအသင်းရဲ့စိတ်အားထက်သန်မှုတွေကို အမြဲတမ်းခံစားခဲ့ရပါတယ်။ ကမ္ဘာနဲ့အဝှမ်း ပရိသတ်သန်းချီပိုင်ဆိုင်ထားတဲ့ ကလပ်အသင်းတစ်ခုအတွက် ဒီအခွင့်အလမ်းက နိုင်ငံတကာပရိသတ်ထုကြီးအတွက် ကျွန်တော်တို့ရဲ့ကတိကဝတ်ပြုမှုကို ပိုမိုခိုင်ခံ့စေပါတယ်။ အထူးသဖြင့် အမေရိကန်လိုအဓိကဈေးကွက်ကြီးတစ်ခုမှာပေါ့။ ဘာစီလိုနာပရိသတ်တွေ ထုနဲ့ထည်နဲ့ရှိတဲ့ မီယာမီမှာကျင်းပမယ့် တရားဝင်ပွဲစဉ်တစ်ခုက အမြင့်ဆုံးအဆင့်အတန်းမှာ ကလပ်အသင်းနှစ်ခု အကြိတ်အနယ်ယှဉ်ပြိုင်မယ့် ပွဲကြီးပွဲကောင်းဖြစ်လာမယ်ဆိုတာ သေချာပါတယ်”လို့ ပြောပါတယ်။

လိုအပ်တဲ့ခွင့်ပြုချက်တွေရရှိမယ်ဆိုရင် အခုပွဲစဉ်အတွက် အထူးသီးသန့်ကြိုတင်လက်မှတ်တွေကို အောက်တိုဘာ ၂၁ ရက်မှစတင်ကာ ဝယ်ယူသွားနိုင်ပါလိမ့်မယ်။ ပုံမှန်ပရိသတ်တွေအတွက် လက်မှတ်ရောင်းချမှုကိုတော့ အောက်တိုဘာ ၂၂ ရက်မှာ စတင်သွားပါလိမ့်မယ်။ ဒီပွဲစဉ်ကို လာလီဂါရဲ့လက်ရှိရုပ်သံလွှင့်မိတ်ဖက်ကုမ္ပဏီတွေနဲ့ ESPN တို့မှ တိုက်ရိုက်ထုတ်လွှင့်ဖို့ စီစဉ်ထားပါတယ်။