The network connection is lost.

Banner Image

ဘာစီလိုနာနဲ့ ၂၀၃၁ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးမြှင့်ဖို့ သဘောတူညီမှုရထားတဲ့ ယာမယ်လ်

ဘာစီလိုနာရဲ့ ပါရမီရှင်တောင်ပံကစားသမားလေး လာမိုင်းယာမယ်လ်ဟာ အသင်းနဲ့ ၂၀၃၁ ခုနှစ်အထိ သက်တမ်းတိုး စာချုပ်သစ်ချုပ်ဆိုဖို့ သဘောတူညီမှုရရှိထားတယ်လို့ သိရပါတယ်။ ဘာစီလိုနာဟာ ယာမယ်လ်ရဲ့အေးဂျင့်ဖြစ်သူ ဂျော့ဂျ်မန်ဒက်စ်နဲ့ ဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်ခဲ့တာဖြစ်ပြီး အချိန်ခဏလေးအတွင်းမှာပဲ စာချုပ်သစ်အတွက် သဘောတူညီမှုရရှိခဲ့တာဖြစ်ပါတယ်။ 

အပြောင်းအရွှေ့ကျွမ်းကျင် ဖာဘရီဇီယိုရိုမာနိုရဲ့အဆိုအရ စပိန်လက်ရွေးစင်ဟာ မကြာမီမှာပဲ ၆ နှစ်စာချုပ်ကို လက်မှတ်ရေးထိုးသွားတော့မယ်လို့သိရပါတယ်။ ဘာစီလိုနာအနေနဲ့ အသင်းရဲ့ထိပ်တန်းကြယ်ပွင့်ကစားသမားတွေကို စာချုပ်သစ်တွေချုပ်ဆိုနိုင်ဖို့ ကြိုးပမ်းနေတာဖြစ်ပြီး ယခုအခါမှာတော့ ယာမယ်လ်ကို သက်တမ်းတိုးလာခဲ့တာဖြစ်ပါတယ်။ စပိန်သတင်းတွေအရ ယာမယ်လ်အနေနဲ့ စာချုပ်ပါအချက်အလက်တွေကို အတိအကျလိုက်နာနိုင်ပါက အသင်းရဲ့လစာအများဆုံးကစားသမားဖြစ်လာနိုင်တယ်လို့သိရပါတယ်။ 

ယာမယ်လ်နဲ့ ဘာစီလိုနာတို့ရဲ့အကြား ဆွေးနွေးညှိနှိုင်းမှုတွေဟာ လက်ရှိအသင်းရဲ့ ဘဏ္ဍာရေးအခြေအနေအရ လွယ်လွယ်ကူကူ ညှိလို့ရခဲ့တာတော့မဟုတ်ပေမယ့် ဘာစီလိုနာဘက်က သင့်တော်တဲ့ စာချုပ်တစ်ခုကို ချပြပြီး ညှိနှိုင်းနိုင်ခဲ့တာဖြစ်ပါတယ်။ 

ယခုစာချုပ်သစ်မှာ လက်မှတ်ရေးထိုးပြီးပါက ယာမယ်လ်ဟာ အသင်းဖော်တွေဖြစ်တဲ့ ပီဒရီ၊ ကူဘာဆီ၊ ဂါဗီ၊ ဘယ်လ်ဒီ၊ အရူဂျို၊ ရာဖင်ဟာတို့နဲ့အတူ ဘာစီလိုနာမှာ ကာလရှည်နေထိုင်သွားတော့မှာဖြစ်ပါတယ်။