
ဘာစီလိုနာအနေနဲ့ နီကိုဝီလီယမ်စ်အတွက် ကစားသမားမှတ်ပုံတင်မပြုလုပ်နိုင်သေးကြောင်း လာလီဂါ ဥက္ကဌပြော
လာလီဂါဥက္ကဌ ဂျာဗီယာတီဘက်စ်က ဘာစီလိုနာအနေနဲ့ နီကိုဝီလီယမ်စ်အတွက် ကစားသမားမှတ်ပုံတင်မပြုလုပ်နိုင်သေးကြောင်း ပြောကြားလာခဲ့ပြီး ရီးရဲလ်မက်ဒရစ်အနေနဲ့လည်း လာလီဂါဒိုင်တွေကို ဝေဖန်တိုက်ခိုက်မှုတွေကြောင့် အရေးယူခံရမယ်လို့ သတိပေးခဲ့ပါတယ်။
တီဘက်စ်က ဘာစီလိုနာအနေနဲ့ ကလပ်ရဲ့ ဘဏ္ဍာရေးအခြေအနေအရ ဘီလ်ဘာအိုကြယ်ပွင့် နီကိုဝီလီယမ်စ်ကို ကစားသမားမှတ်ပုံတင်စာရင်းသွင်းနိုင်မှာမဟုတ်ဘူးလို့ဆိုပါတယ်။ လွန်ခဲ့တဲ့ ၁၂ လအတွင်းမှာ ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်တို့ဟာ လာလီဂါဘောလုံးအဖွဲ့ချုပ်နဲ့ အဆင်မပြေမှုတွေရှိခဲ့ပြီး တီဘက်စ်က ရီးရဲလ်မက်ဒရစ်ကို အငိုသန်တဲ့အသင်းလို့ လှောင်ပြောင်ပြောဆိုခဲ့သလို၊ ရီးရဲလ်မက်ဒရစ်ကလည်း ကလပ်ရဲ့တီဗွီချန်နယ်မှတစ်ဆင့် လာလီဂါဒိုင်တွေကို ပြင်းပြင်းထန်ထန်ဝေဖန်ထားခဲ့တာဖြစ်ပါတယ်။
တစ်ဖက်မှာ ဘာစီလိုနာကလည်း အသင်းရဲ့ကစားသမားတွေဖြစ်တဲ့ ဒန်နီအိုလ်မိုနဲ့ ပေါဗစ်တာတို့ကို မှတ်ပုံတင်စာရင်းသွင်းခြင်းနဲ့ပတ်သက်ပြီး လာလီဂါနဲ့ အဆင်မပြေမှုတွေရှိထားခဲ့ပါတယ်။ ယခုအခါမှာလည်း ဘာစီလိုနာဟာ နီကိုဝီလီယမ်စ်ကို ကစားသမားမှတ်ပုံတင်စာရင်းသွင်းဖို့ ပြင်ဆင်နေပေမယ့် တီဘက်စ်ကတော့ ဘဏ္ဍာရေးအခြေအနေ မကိုက်ညီမှုကြောင့် စာရင်းသွင်းနိုင်မှာမဟုတ်ဘူးလို့ဆိုပါတယ်။
၂၀၂၅-၂၆ ဘောလုံးရာသီအတွက် ပွဲအချိန်ဇယားကိုကြေညာပြီးနောက်မှာ တီဘက်စ်က "ရီးရဲလ်မက်ဒရစ်အနေနဲ့ သူတို့တီဗွီချန်နယ်က ဗီဒီယိုတွေအတွက် အရေးယူခံရနိုင်ပါတယ်။ ဒီကိစ္စကို တရားရုံးရဲ့ဆုံးဖြတ်ချက်အတိုင်း ဆက်လက်ဆောင်ရွက်သွားပါမယ်။ ဘာတွေဖြစ်လာမလဲဆိုတာ ကျွန်တော်တို့ ဆက်စောင့်ကြည့်သွားရမှာပါ" လို့ပြောကြားခဲ့ပါတယ်။
ဘာစီလိုနာနဲ့ပတ်သက်ပြီးတော့လည်း တီဘက်စ်က "လက်ရှိအချိန်မှာ ဘာစီလိုနာရဲ့ဘဏ္ဍာရေးအခြေအနေက နီကိုဝီလီယမ်စ်ကို မှတ်ပုံတင်စာရင်းသွင်းနိုင်တဲ့အခြေအနေမှာမရှိပါဘူး။ ဒီနေ့မှာ ကစားသမားမှတ်ပုံတင်ပြုလုပ်ခြင်းကို စတင်ဆောင်ရွက်သွားမှာဖြစ်ပေမယ့် ဘာစီလိုနာကတော့ လုပ်နိုင်ဦးမှာမဟုတ်ပါဘူး" လို့ပြောကြားခဲ့ပါတယ်။
သတင်းတွေအရ ဘာစီလိုနာဟာ လာမယ့်ရက်အနည်းငယ်အတွင်းမှာပဲ ဝီလီယမ်စ်ရဲ့ စာချုပ်ဖျက်သိမ်းကြေးအတွက် ဆွေးနွေးမှုတွေစတင်ပြုလုပ်တာ့မယ့်အပြင် မန်ချက်စတာယူနိုက်တက်တောင်ပံကစားသမား မားကပ်စ်ရက်ရှ်ဖို့ဒ်ရဲ့အပြောင်းအရွှေ့ကိုလည်း ဆက်လက်လုပ်ဆောင်နေတယ်လို့သိရပါတယ်။ သို့သော်လည်း ဘဏ္ဍာရေးအခြေအနေအရ ကစားသမားတွေကို မှတ်ပုံတင်စာရင်း ပြုလုပ်နိုင်ခြင်းမရှိပါက ဘီလ်ဘာအိုမှထွက်ခွာလာခဲ့တဲ့ ဝီလီယမ်စ်အတွက် အခက်အခဲတွေကြုံတွေ့ရနိုင်ပါတယ်။