နာပိုလီမှ ထွက်ခွာတော့မှာဖြစ်ကြောင်း အတည်ပြုပြောကြားလာတဲ့ ခဗာရက်စ်ခီလီယာ
နာပိုလီတောင်ပံကစားသမား ခဗာရက်စ်ခီလီယာဟာ အသင်းကနေထွက်ခွာတော့မှာဖြစ်ကြောင်း ပရိသတ်တွေကို ဆိုရှယ်မီဒီယာမှတစ်ဆင့် အသိပေးပြောကြားလာခဲ့ပြီဖြစ်တာကြောင့် ကစားသမားဟာ မကြာမီမှာပဲ ပြင်သစ်ချန်ပီယံ ပီအက်စ်ဂျီထံသို့ ပြောင်းရွှေ့သွားတော့မှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့စနေနေ့ကလည်း နာပိုလီနည်းပြ အန်တိုနီယိုကွန်တီက ခဗာရက်စ်ခီလီယာဟာ အသင်းကနေထွက်ခွာဖို့ ပြောကြားခဲ့တယ်လို့ တရားဝင်ထုတ်ဖော်ပြောကြားထားခဲ့ပါတယ်။ ယခုအခါမှာ အင်စတာဂရမ်မှတစ်ဆင့် ဂျော်ဂျီယာလက်ရွေးစင်ကစားသမားက “ကျွန်တော့်အတွက် အရမ်းကိုခက်ခဲပါတယ်။ ဒါပေမယ့် အခုက နှုတ်ဆက်ဖို့အချိန်ကျလာပါပြီ။ ကျွန်တော်ဒီမှာ မယုံနိုင်စရာအချိန်တွေကို ပိုင်ဆိုင်ခဲ့ပြီး အမှတ်တရတွေလည်း အများကြီးဖန်တီးနိုင်ခဲ့ပါတယ်။ နာပိုလီက ကျွန်တော့်ရဲ့အိမ်ပါပဲ။ ဒီမှာရှိတဲ့ လူတစ်ယောက်ချင်းစီကို ကျေးဇူးတင်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။
ခဗာရက်စ်ခီလီယာဟာ နာပိုလီနဲ့ ၂၀၂၂ ခုနှစ်မှာ စတင်လက်တွဲခဲ့တာဖြစ်ပြီး ၃၃ နှစ်အတွင်း အသင်းအတွက် ပထမဆုံးအကြိမ် စီးရီးအေဖလားကို ၂၀၂၂-၂၃ ရာသီမှာ ဆွတ်ခူးပေးနိုင်ခဲ့ကာ လိဂ်ရဲ့တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုလည်း ချီးမြှင့်ခံခဲ့ရပါတယ်။ ဂျော်ဂျီယာလက်ရွေးစင်ဟာ အဆိုပါရာသီမှာ နာပိုလီအတွက် ၃၄ ပွဲကစား၊ ၁၂ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၁၃ ကြိမ်အထိပြုလုပ်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။
ဆက်လက်ပြီး ကစားသမားက “နာပိုလီက ဘောလုံးမြို့တော်ပါ။ ဘောလုံးနဲ့အသက်ရှင်နေတဲ့မြို့ပါ။ ဒီအသင်းရဲ့သမိုင်းမှာ ပါဝင်ခွင့်ရခဲ့လို့ ပျော်ရွှင်မိပါတယ်။ ဒီအသင်းမှာ အများကြီးသင်ယူခဲ့ရပါတယ်။ လူသားတစ်ယောက်အနေနဲ့ရော ကစားသမားတစ်ယောက်အနေနဲ့ပါ ရင့်ကျက်လာခဲ့ပါတယ်။ ဒီမှာရှိနေတဲ့ နည်းပြ ကစားသမားတွေနဲ့ ဝန်ထမ်းတွေအပါအဝင် ပရိသတ်တွေအားလုံးကို ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။ ကျွန်တော့်အနေနဲ့ နှုတ်ဆက်စကားပြောခဲ့ရပေမယ့် အားလုံးက ကျွန်တော့်ရဲ့နှလုံးသားထဲမှာ ကျန်ရှိနေဦးမှာပါ။ ပြန်လည်ဆုံတွေ့ကြမယ်လို့လည်း မျှော်လင့်ပါတယ်။
အခုချိန်မှာ အားလုံးစိတ်မကောင်းဖြစ်နေမယ်ဆိုတာ သိပါတယ်။ ဒါပေမယ့် တစ်နေ့နေ့မှာတော့ ကျွန်တော်အရာအားလုံးကို ပြောပြပါမယ်” လို့နှုတ်ဆက်စကားပြောကြားခဲ့ပါတယ်။ အသက်-၂၃ နှစ်အရွယ်ကစားသမားဟာ နာပိုလီနဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းကျန်ရှိနေသေးပေမယ့် ယခုအခါမှာတော့ ပီအက်စ်ဂျီသို့ရောက်ရှိဖို့ သေချာတဲ့အခြေအနေမှာရှိနေပြီဖြစ်ပါတယ်။