The network connection is lost.

Banner Image

တိတ်တိတ်ဆိတ်ဆိတ်နေပြီး အောင်မြင်မှုရနေတဲ့အပေါ် ပျော်ရွှင်မိတယ်လို့ ပြောကြားလာတဲ့ ကူကူရယ်လာ

စပိန်လက်ရွေးစင်အသင်းနဲ့ အတူ ယူရို ၂၀၂၄ မှာ တောက်ပတဲ့ခြေစွမ်းတွေပြသပြီး ဘယ်နောက်ခံနေရာကို အပြည့်အဝနေရာယူထားနိုင်တဲ့ မာ့ခ်ကူကူရယ်လာက သူ့အနေနဲ့ ချဲလ်ဆီးမှာ ရုန်းကန်ခဲ့ရပြီးနောက် တိတ်တဆိတ်ကြိုးစားပြီး နိုင်ငံအသင်းနဲ့အတူ အောင်မြင်မှုတွေရနေတဲ့အပေါ် ပျော်ရွှင်မိတယ်လို့ ပြောကြားလာခဲ့ပါတယ်။

အသက်-၂၅ နှစ်အရွယ် ကစားသမားဟာ ယခုအခါမှာ စပိန်အသင်းနဲ့အတူ ယူရို ၂၀၂၄ ဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းထားနိုင်ပြီဖြစ်တာကြောင့် လာမယ့် ဗုဒ္ဓဟူးနေ့မှာတော့ ၂၀၁၈ ကမ္ဘာ့ဖလား ချန်ပီယံ ပြင်သစ်အသင်းနဲ့ ရင်ဆိုင်ကစားသွားရတော့မှာဖြစ်ပါတယ်။

တနင်္ဂနွေနေ့ကပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကူကူရယ်လာက “ကျွန်တော့်အကြောင်းကို လူတွေဘယ်အချိန်မှာပြောပြော ကိစ္စမရှိပါဘူး။ အခုရလာတဲ့အရာတွေကတော့ နှစ်ပေါင်းများစွာ တိတ်တဆိတ်အလုပ်လုပ်ခဲ့ခြင်းရဲ့ အသီးအပွင့်တွေပါပဲ။ ဘယ်သူမှ ကျွန်တော်တို့ကို ဘာမှမပေးခဲ့ပါဘူး။ ဒါကြောင့် အခုချိန်မှာတော့ တစ်ယောက်တည်းပျော်ရွှင်နေပါတယ်” “ကျွန်တော့်အနေနဲ့ အလုပ်ကြိုးစားပြီး တတ်နိုင်သလောက်ပေးဆပ်မယ်ဆိုရင် ဒီအဆင့်ထိရောက်လာမယ်ဆိုတာ ကြိုသိခဲ့ပါတယ်။ ဒီနေရာက ကျွန်တော့်ရဲ့ အိပ်မက်ဖြစ်ပြီး လူတိုင်းကလည်း ဒီနေရာကိုရောက်ဖို့ ဘာမဆိုလုပ်နေကြရပါတယ်။ ကျွန်တော်တို့မှာ ခြေလှမ်း ၂ လှမ်းကျန်ပါသေးတယ်။ ဗိုလ်လုပွဲကိုမရောက်ဘူးဆိုရင် ဘာတစ်ခုမှကောင်းမှာမဟုတ်ပါဘူး။ အခုချိန်မှာတော့ အင်အားစိုက်ထုတ်ဖို့ ကြိုးစားသွားမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

ကူကူရယ်လာဟာ လွန်ခဲ့တဲ့ ၂ နှစ်ခန့်က ဘရိုက်တန်ကနေ ချဲလ်ဆီးသို့ ပေါင် ၆၂ သန်းနဲ့ ရောက်ရှိလာခဲ့ပေမယ့် ခြေစွမ်းမပြသနိုင်ခဲ့လို့ ဝေဖန်ခံခဲ့ရပါတယ်။ သို့သော်လည်း ယခုအခါမှာတော့ ကစားသမားဟာ ပြောင်းလဲမှုပြုလုပ်နိုင်ခဲ့ပြီး စပိန်အသင်းနဲ့အတူ ယူရိုမှာ အထူးခြေစွမ်းပြကစားနေတာဖြစ်ပါတယ်။

ချဲလ်ဆီးကစားသမားဘဝ ပထမဆုံးရာသီမှာ ဒဏ်ရာကြောင့်ရုန်းကန်ခဲ့ရတဲ့ ကူကူရယ်လာဟာ ဒုတိယရာသီမှာတော့ အဓိက ကစားသမားအဖြစ် ပါဝင်ခဲ့တာကြောင့် စပိန်နည်းပြ လူးဝစ်ဒီလာဖူရန်တီက လက်ရွေးစင်အသင်းအတွက်  ရွေးချယ်မှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ယခုအခါမှာတော့ ကူကူရယ်လာဟာ ဖူရန်တီရဲ့ ယုံကြည်မှုကိုရရှိနေပြီဖြစ်ပါတယ်။

စပိန်ညာနောက်ခံလူ ကာဗာဂျယ်က လာမယ့်ပြင်သစ်နဲ့ပွဲမှာ ပွဲပယ်ခံထားရလို့ ပါဝင်နိုင်မှာမဟုတ်တာကြောင့် ကူကူရယ်လာအနေနဲ့ အသင်းနဲ့ ညာဘက်အခြမ်းမှာလည်း ပါဝင်ကစားသွားရနိုင်ချေရှိပါတယ်။ ကစားသမားက “ကျွန်တော့်ရဲ့ပုံမှန်နေရာကတော့ ဘယ်နောက်ခံပါ။ ဒါပေမယ့် ချဲလ်ဆီးရဲ့အခြေအနေတွေကြောင့် ညာနောက်ခံနေရာမှာပါကစားခဲ့ရပါတယ်။ ဒါပေမယ့် ဘယ်နေရာမှာပဲ ကစားရ ကစားရပါ ကျွန်တော့်အနေနဲ့ အကောင်းဆုံးကစားပြီး အသင်းအတွက် နိုင်ပွဲရယူဖို့   ကြိုးစားသွားပါမယ်” “အသင်းမှာ စူပါစတားတွေမရှိပေမယ့် ဝါရင့်ကစားသမားတွေနဲ့ လူငယ်ကစားသမားတွေရောနှောထားလို့ အရမ်းပျော်ဖို့ကောင်းပြီး မိသားစုလို ဖြစ်နေပါတယ်။ အသင်းဖော်တွေအတွက် အရာအားလုံးကိုပေးဆပ်သွားမယ့် ကစားသမားတွေချည်းစုစည်းထားတာပါ။ အသင်းတစ်သင်း အနေနဲ့ ကျွန်တော်တို့ အကောင်းဆုံးလုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။