
ချဲလ်ဆီးအသင်းက စိတ်ဝင်စားနေပေမယ့် စီးရီးအေမှာဆက်နေချင်နေတဲ့ ဂျူဗီစတား
သတင်းတွေအရ ဂျူဗင်တပ်စ်တိုက်စစ်မှူး မူအာနီတစ်ယောက် ချဲလ်ဆီးအသင်းက စိတ်ဝင်စားနေပေမယ့် စီးရီးအေမှာဆက်နေချင်နေတယ်လို့ သိရပါတယ်။ ပီအက်စ်ဂျီမှာရုန်းကန်ခဲ့ရပြီးနောက် မူအာနီဟာ ဂျူဗင်တပ်စ်အသင်းထံ ၆ လအငှားစာချုပ်နဲ့ပြောင်းရွှေ့လာခဲ့ကာ ၁၀ ဂိုးသွင်း ၊ ၃ ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။ ဂျူဗင်တပ်စ်ဘက်ကလည်း အသင်းမှာဆက်ထိန်းထားချင်နေပြီး နောက်ထပ် ၁ နှစ်အငှား + ပေါင် ၃၄ သန်းအပြီးသတ်ဝယ်ယူခွင့်ပါဝင်တဲ့ကမ်းလှမ်းမှုမျိုးနဲ့ ကမ်းလှမ်းဖွယ်ရှိနေပါတယ်။
ဒါပေမယ့် ချဲလ်ဆီးအသင်းက ပြင်သစ်သားကို စိတ်ဝင်စားနေတာကြောင့် ဂျူဗီအနေနဲ့ အားပြိုင်ရဖွယ်ရှိနေပေမယ့်ကစားသမားရဲ့ဆန္ဒကြောင့် အားသာချက်ရှိနေပါတယ်။ မူအာနီကိုယ်တိုင်က ဂျူဗင်တပ်စ်မှာ ဆက်နေချင်နေပြီး သတင်းထောက်တွေကိုပြောကြားရာမှာ “ကျွန်တော် ချဲလ်ဆီးအကြောင်းဘာမှမသိပါဘူး။ လက်ရှိမှာ ကလပ်ကမ္ဘာ့ဖလားအတွက်ပဲ အာရုံစိုက်ထားပါတယ်။ အခုပြိုင်ပွဲအပြီးမှာ ဘာဆက်ဖြစ်မလဲဆိုတာကို ကြည့်ရပါမယ်။ ကျွန်တော့်ဘက်ကတော့ စီးရီးအေမှာဆက်နေချင်နေပြီး ဒီမှာပျော်နေပါတယ်”လို့ ဖြေကြားခဲ့ပါတယ်။
ဂျူဗင်တပ်စ်ဟာ ကလပ်ကမ္ဘာ့ဖလား ၂ ပွဲမှာ ၂ ပွဲစလုံးအနိုင်ကန်ထားနိုင်ခဲ့ပြီး အုပ်စုပထမနေရာအတွက် နောက်တစ်ပွဲအဖြစ် မန်စီးတီးနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။ အခုပြိုင်ပွဲအပြီးမှာ ပီအက်စ်ဂျီဟာ မူအာနီအပြောင်းအရွှေ့အတွက် ဆုံးဖြတ်ချက်ချဖွယ်ရှိနေပါတယ်။